သြစတြီးယားရဲ့ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကတော့ အရင်ကတည်းက ဆာဒီယိုမာနေးတို့လို ကစားသမားကောင်းတွေကို စတင်ပျိုးထောင်ပေးနိုင်ခဲ့သလို ဒီနောက်ပိုင်းမှာလည်း အာလင်းဟာလန်း မီနာမီနိုတို့လို ကစားသမားတွေကိုလည်း ဆက်လက်စင်တင်ပေးနိုင်ခဲဲ့ပါတယ်။ အခု ဒီကစားသမားတွေက ဆာလ်ဇ်ဘာ့ဂ်ကနေ စွန့်ခွာပြီး လီဗာပူးလ် ဒေါ့မွန်အစရှိတဲ့ ဥရောပရဲ့အဆင့်အမြင့်ဆုံးသော ကလပ်အသင်းတွေမှာ သွားရောက်ကစားနေကြပြီဆိုပေမယ့် ဆာလ်ဇ်ဘာ့ဂ်အသင်းကတော့ ဒီကစားသမားတွေရဲ့ခြေရာကိုနင်းနိုင်မယ့် မျိုးဆက်သစ်တွေကို ဆက်လက်မွေးထုတ်နေဆဲဖြစ်ပါတယ်။

Photo Credit : Getty Images

အခုလည်း အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဂိုးသွင်းအားကောင်းလွန်းလှလို့ ဂိုးသွင်းစက်လို့ပါ နာမည်ပြောင်ပေးထားခဲ့ရတဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်မှူးလေးတစ်ဦး ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီဖြစ်ပါတယ်။ သူကတော့ အသက်၁၆နှစ်သာရှိသေးတဲ့ သြစတြီးယား လူငယ်ကစားသမားလေး လူကာရီယယ်ချယ်လ်ပဲဖြစ်ပါတယ်။ ဆာလ်ဇ်ဘာဂ်လူငယ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး ဂိုးသွင်းအားတွေကောင်းလွန်းတာကြောင့် သူရဲ့စီနီယာဖြစ်သူ ဟာလန်းရဲ့ခြေရာကိုနင်းနိုင်မယ့်သူလို့ပါ သတ်မှတ်ခံထားရတဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit : Getty Images

ရီယယ်ချယ်လ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဆာလ်ဇ်ဘာ့ဂ်လူငယ်အသင်းအတွက် ၁၀ပွဲအထိ ပါဝင်ကစားရမှာ ၁၆ဂိုးတောင် သွင်းယူထားခဲ့ပြီး အကယ်ဒမီအသင်းအတွက် ပွဲပေါင်း၄၁ပွဲ ကစားထားပြီးနောက် ၆၃ဂိုးအထိတောင် ရယူပေးထားနိုင်ခဲ့တာကြောင့် အခုလို ဂိုးသွင်းစက်လို့ နာမည်ပြောင်ရလာခဲဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို မန်စီးတီးအသင်းက စိတ်ဝင်အစားဆုံးဖြစ်လို့နေပြီး အီတလီသတင်းမီဒီယာတွေရဲ့ဖော်ပြချက်များအရ ဂျုဗင်တပ်စ်အသင်းကလည်း ရီယယ်ချယ်လ်ကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားရခြင်းမရှိတာကြောင့်မို့ ခေါ်ယူမယ်ဆိုရင် စျေးအနည်းငယ်နဲ့သာ ခေါ်ယူနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ဂျုဗင်တပ်စ်ထက် မန်စီးတီးအသင်းက ရီယယ်ချယ်လ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလျက်ရှိနေပါတယ်။