ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ ဂျုဗင်တပ်စ် စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့အပြင် လက်ရှိအချိန်မှာလည်း မန်စီးတီးအသင်းကပါ ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ၂၀၀၅ခုနှစ်ကတည်းက ဆီဗီလာကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၁၅)နှစ်အထိကို ဖြတ်သန်းခဲ့သလို လာလီဂါ ချန်ပီယံလိဂ်ဖလားတို့လို ဆုဖလားများစွာကို ရယူနိုင်ခဲ့သလို တစ်ဦးချင်းဆုတံဆိပ်တွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ကစားသမားဘက်ကလည်း သက်တမ်းထပ်သွားဖို့ထက် အသင်းပြောင်းဖို့ကိုသာ စိတ်အားထက်သန်နေတဲ့အတွက် ဒီနှစ်နွေစျေးကွက်မှာပဲ ရာမို့စ်နဲ့ ရီးရဲလ်တို့ လက်တွဲဖြုတ်ကြဖွယ် ရှိလာနိုင်ပါတယ်။

Photo Credit : The Real Champs

ဒီလိုအခြေအနေရှိနေတဲ့ ရာမိုစ့်ကို ကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားနေကြလျက်ရှိတဲ့အပြင် သူရဲ့စာချုပ်သက်တမ်းကလည်း (၆)လခန့်သာ ကျန်ရှိတော့တာဖြစ်လို့ အခုဆောင်းစျေးကွက်အတွင်းမှာ စပိန်လာလီဂါပြင်ပ သူ့စိတ်ကြိုက်ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်သလို အကြိုသဘောတူညီမှုကိုပါ ရယူနိုင်မှာဖြစ်ပါတယ်။ ESPN သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ရာမို့စ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ပိုမိုစိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ မန်စီးတီးပါ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ရာမို့စ်လို အတွေ့အကြုံရင့် ကမ္ဘာ့အဆင့် နောက်ခံလူတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး အခုစျေးကွက်အတွင်းမှာ ချိတ်ဆက်မှုတွေပါ ပြုလုပ်လာဖွယ် ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ရာမို့စ်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားချင်နေပေမယ့် ရာမို့စ်အလိုရှိနေတဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ထက် တစ်နှစ်စာချုပ်လောက်နဲ့သာ ကမ်းလှမ်းချင်နေတာကြောင့် စာချုပ်သစ်ကိစ္စက အဆင်မပြေ ဖြစ်နေရတဲ့အတွက် လာမယ့်နွေမှာ လမ်းခွဲကြဖို့ နီးစပ်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ရာမို့စ်နေရာအတွက် ဘိုင်ယန်နောက်ခံလူ ဒေးဗစ်အလာဘာနဲ့ ပြန်လည်အစားထိုးဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။