ဘောလုံးသမားကောင်းတွေ အစဉ်တစိုက် မွေးထုတ်လေ့ရှိတဲ့ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းဟာ အခုလည်း တောင်အမေရိကကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို ဥရောပဘောလုံးနယ်ပယ်မှာ စင်တင်ပေးခဲ့ပြီးနောက် အခု ဒီကစားသမားလေးကို ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားလာခဲ့ရာ အခုဆိုရင် အန်ဇိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ မန်စီးတီးအသင်းပါ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။
Photo Credit : Sports Mole
အသက်(၂၁)နှစ်အရွယ်ရှိ အာဂျင်တီးနား လူငယ်ကစားသမားလေး အန်ဇိုဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး Defensa y Justicia အသင်းမှာ အငှားကစားသမားအဖြစ် သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ကာ ၂၀၂၁ခုနှစ်မှာပဲ ရေးဗားပလိတ်အတွက် စတင်ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ ရေးဗားပလိတ်အတွက် ပွဲပေါင်း (၅၁)ပွဲအထိ ပါဝင်ခဲ့ပြီးနောက် အခုနှစ် နွေဈေးကွက်မှာပဲ ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဇိုဟာ အခုဆိုရင် ဘင်ဖီကာရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေသလို ဥရောပ ထိပ်တန်းကလပ်အသင်းတွေဟာလည်း အန်ဇိုကို မျက်စိကျလာခဲ့ပါတယ်။
Photo Credit : Man Utd News
ရေးဗားပလိတ်အသင်းဆိုတာကလည်း တောင်အမေရိကကြယ်ပွင့်တွေ အထူးသဖြင့် အာဂျင်တီးနား ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေကြ အသင်းဖြစ်ပြီး အဲ့ဒီအသင်းမှာ အန်ဇို ပါဝင်ကစားနေစဉ်မှာပဲ သူ့ကို မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ဘင်ဖီကာအသင်းနဲ့အတူ ဥရောပဘောလုံးနယ်ပယ်ထဲ စတင် ကျင်လည်လာခဲ့ပြီဖြစ်တဲ့ အန်ဇိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပင် ပွဲတိုင်းနီးပါး ကစားထားရတဲ့အထိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်သလို လက်ရှိအချိန်ထိလည်း ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲကစား (၃)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘင်ဖီကာရဲ့ အဓိက ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့တဲ့ အန်ဇိုကို လက်ရှိမှာ ပရီးမီးယားလိဂ်က လီဗာပူးလ် ယူနိုက်တက်တို့အပြင် မန်စီးတီးကပါ စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကစားသမားလေး ယူလီယန်အဲလ်ဗာရက်ဇ်နဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ဖူးတဲ့ အန်ဇိုကို တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူသွားချင်နေပါတယ်။ ဒါပေမယ့် ဘင်ဖီကာဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၀၅)သန်းအထိပင် သတ်မှတ်လို့ထားပါတယ်။