MySport Myanmar

ဂျုဗီရဲ့ အီတလီ လူငယ်ကစားသမားလေး ရိုဗယ်လာကို စိတ်ဝင်စားနေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ စီးရီးအေကလပ် မွန်ဇာအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ လူငယ်ကစားသမားလေး နီကိုလိုရိုဗယ်လာကို တခြားသော ကလပ်အသင်းတွေနဲ့အပြိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၀)အရွယ်ရှိ အီတလီ ယူ-၂၁ ကွင်းလယ်ကစားသမားလေး ရိုဗယ်လာဟာ ဂျီနိုအာအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ ဂျုဗင်တပ်စ်အသင်းဆီ (၃)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော် ကစားသမားတွေ များစွာရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ဖို့ ခက်ခဲနေတဲ့ ရိုဗယ်လာဟာ သူရဲ့ကလပ်အသင်းဟောင်း ဂျီနိုအာဆီ အငှားနဲ့ ပြန်ကစားခဲ့ရသလို ဒီရာသီမှာလည်း စီးရီးအေ တန်းတတ်ကလပ် မွန်ဇာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ရိုဗယ်လာဟာ မွန်ဇာအသင်းမှာတော့ ခြေစွမ်းကောင်းတွေ ပြသလို့နေပြီး မွန်ဇာရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာတာကြောင့် သူ့ကို မန်စီးတီး အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : SPORTbible

ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ပါဝင်ကစားတတ်သူ ရိုဗယ်လာကို မန်စီးတီးအသင်းက စိတ်ဝင်စားနေကြောင်း အီတလီအခြေစိုက် သတင်းမီဒီယာ Calcio Mercato က ဖော်ပြလာခဲ့ပြီး ဒီကစားသမားလေးရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်တွေပါ စေလွှတ်ထားတယ်လို့ပါ သိရပါတယ်။ လက်ရှိမှာလည်း အီတလီ ယူ-၂၁ အသင်းခေါင်းဆောင် ကစားသမားလေး ရိုဗယ်လာဟာ ၂၀၂၃ခုနှစ်မှာပဲ သူ လက်ရှိ အငှားနဲ့ ပါဝင်ကစားနေတဲ့ မွန်ဇာအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးရတော့မှာဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းဆီ ပြန်ရတော့မှာ ဖြစ်ပေမယ့် ဂျုဗင်တပ်စ်ကို ပြန်မသွားခင်မှာပဲ မန်စီးတီးဘက်က ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ရိုဗယ်လာအပြင် ရှက်တာဒိုးနက်အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ ယူကရိန်း တောင်ပံကစားသမားလေး မူဒရစ်ကိုလည်း အလွန် စိတ်ဝင်စားနေကြောင်း ဗြိတိန်နာမည်ကြီး သတင်းမီဒီယာ The Athletic ကနေ ဖော်ပြထားခဲ့ပါတယ်။ သို့ပေမယ့် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လာမယ့် ဆောင်းဈေးကွက်မှာ ဘယ်ကစားသမားမှ ခေါ်ယူစရာ မလိုအပ်ဘူးလို့ ထုတ်ဖော် ပြောကြားထားတဲ့အတွက် လာမယ့်နွေမှသာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

Exit mobile version