ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဖြစ်သူ ဒက်ကလန်ရိုက်စ်ကို သူရဲ့ကလပ်အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက် ရှိနေကြသလို လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုနဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ မန်စီးတီးအသင်းကပါ ဒက်ကလန်ရိုက်စ်ကို ပစ်မှတ်ထားနေတယ်လို့ ဗြိတိန်နာမည်ကျော် The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FR24 News

အသက်(၃၆)နှစ်အရွှယ်ရှိ ဘရာဇီးလ် ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ ၂၀၁၃ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး မောင်းနှင်နိုင်တဲ့ သက်တမ်းရင့် ကစားသမားကြီးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဖာနန်ဒင်ဟိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးထားခဲ့ပေမယ့် အသက်အရွှယ်အရ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့အတွက် မန်စီးတီးဘက်က ဖာနန်ဒင်ဟိုနေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦး ပြန်လည်အလိုရှိနေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဖာနန်ဒင်ဟိုနေရာမှာ အစားထိုးဖို့အတွက် အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ရိုက်စ်ကို မန်စီးတီးအသင်းက စိတ်ဝင်စားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုကိုသာ တစ်နှစ်သက်တမ်းတိုးဖို့ကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့တာကြောင့် ကမ်းလှမ်းမှုတွေ ဖြစ်မလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒင်ဟိုနဲ့ လက်တွဲဖြုတ်ရချိန် ရောက်လာရင်တော့ သူရဲ့နေရာအတွက် ရိုက်စ်နဲ့သာ ပြန်လည်အစားထိုးဖို့ စီစဉ်ထားပြီး ရိုက်စ်ကလည်း ဖာနန်ဒင်ဟိုရဲ့နေရာမှာ အကောင်းဆုံး အစားထိုး ဝင်ရောက်နိုင်လိမ့်မယ်လို့ မန်စီးတီးဘက်က ယုံကြည်နေပါတယ်။ ဒါပေမယ့် ရိုက်စ်က ဝက်စ်ဟမ်းအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ သက်တမ်းတစ်ရပ် ကျန်ရှိနေသေးသလို လတ်တလောမှာလည်း သူ့ကို ထိပ်တန်းကလပ်တွေကနေ စိတ်ဝင်စားလျက်လည်း ရှိနေတာဖြစ်လို့ မန်စီးတီးအသင်းအနေနဲ့ ရိုက်စ်အတွက် ပြောင်းရွှေ့ကြေးပေါင်းများစွာ အသုံးပြုပြီး ကမ်းလှမ်းရဖွယ် ရှိနေရပါတယ်။