ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူ ဗာရက်တီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ ဥရောပရဲ့ ခြေစွမ်းအကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်း တယောက် မကစားနိုင်တဲ့ အချိန်တိုင်းမှာ မန်ချက်စတာ စီးတီးဟာ ပြိုင်ဘက်အသင်းတွေရဲ့ ကွင်းလယ်တွေကို စိုးမိုးနိုင်စွမ်း နည်းပါးခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ် စာရင်းထဲမှာ အီတလီ ကွင်းလယ်ဗိုလ်ချုပ် ဗာရက်တီဟာ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

အသက် ၃၀ အရွယ် အီတလီ လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဗာရက်တီက ဖန်တီးနိုင်စွမ်း မြင့်မားသလို တိုးအား ၊ လှုပ်အား ကောင်းမွန်ကာ ဘောလုံးပေးပို့မှုလည်း တိကျသူ ဖြစ်ပြီး သူဟာ ပီအက်စ်ဂျီထံ ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Goal

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ ဗာရက်တီရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပြီး ပီအက်စ်ဂျီရဲ့ ပရိသတ်တွေကလည်း မကြာခဏ ဒဏ်ရာပြဿနာ ရလေ့ ရှိတဲ့ ဗာရက်တီကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုနေကြပါတယ်။

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Le Parisien သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေတဲ့ ကွင်းလယ်လူ ဗာရက်တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အကယ်၍ ဂန်ဒိုဂန်ကသာ စာချုပ်သစ် မချုပ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားရင် ဗာရက်တီကို မဖြစ်မနေ ခေါ်ယူလိမ့်မယ်လို့ သိရပါတယ်။