ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံတိုက်စစ် အတွက် ကစားသမားဟောင်း လီရွိုင်း ဆာနေးကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ညာတောင်ပံတိုက်စစ် ကစားသမားစစ်စစ်တွေ ဖြစ်တဲ့ မာရက်ဇ်နဲ့ ပါလ်မာတို့ကို ရောင်းချပြီးနောက် ညာတောင်ပံတိုက်စစ် နေရာမှာ အားကိုးရမယ့် ကစားသမား မရှိပဲ ကြုံသလိုဖြေရှင်းနေရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးက ဘာနာဒို ဆေးလ်ဗား ၊ ဖိုဒန် စတဲ့ ကစားသမားတွေလို ဘယ်ခြေအားသန် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် နှစ်ယောက်စလုံးက တောင်ပံထက် ကွင်းလယ်တိုက်စစ်မှာသာ ပိုမို ခြေစွမ်းပြ ကစားနိုင်သူတွေပါ။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်နေကြပြီး မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ကစားသမားဟောင်း ဆာနေးလည်း ပါဝင်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမန်သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက လာမယ့် ၂၀၂၄ခုနှစ် အတွင်းမှာ အသင်းရဲ့ ကြယ်ပွင့်ဟောင်း ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆာနေးဟာ ဘိုင်ယန်နဲ့ စာချုပ်သစ် ချုပ်ဖို့ မသေချာသေးတာကြောင့် မန်ချက်စတာ စီးတီးက ဆာနေးကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆာနေးက ၂၀၁၆ခုနှစ် ကနေ ၂၀၂၀ခုနှစ် အထိ မန်ချက်စတာ စီးတီး အတွက် ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး သူက ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။