MySport Myanmar

အာဆင်နယ်ပစ်မှတ် ဒီကလန်ရိုက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး

ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို အဓိက ကွင်းလယ်လူလည်း ဖြစ်တဲ့ ဂန်ဒိုဂန်ကို လက်လွှတ်လိုက်ရဖို့ သေချာသွားပါက သူတို့ရဲ့ ဖလားလုဘက် ဖြစ်ခဲ့တဲ့ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ဂန်ဒိုဂန် ၊ ကိုင်လီ ဝေါ်ကာ ၊ မာရက်ဇ် စတဲ့ ကစားသမားတွေက အသင်းကို စွန့်ခွာကာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Goal

အထူးသဖြင့် ယခုလအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် အသင်းခေါင်းဆောင် ဂန်ဒိုဂန်က မန်ချက်စတာ စီးတီးမှာ ဆက်နေဖို့ထက် အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များပြားနေပြီး မန်ချက်စတာ စီးတီးက ဂန်ဒိုဂန်ကို အသင်းကနေ ထွက်ခွာမယ့် ကစားသမားစာရင်းထဲတောင် ထည့်သွင်းထားပြီးပါပြီ။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနည်းပြချုပ် ဂွာဒီယိုလာက ဂန်ဒိုဂန် မရှိတော့ရင် ဂန်ဒိုဂန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ပေးဖို့ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေထံ အသိပေးထားပြီး မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ သောကြာနေ့မှာ ဒီကလန်ရိုက်စ်ရဲ့ အေးဂျင့်ဆီရော ၊ ဝက်စ်ဟမ်းဆီပါ ဆက်သွယ်ကာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ဂန်ဒိုဂန်ကို လက်လွှတ်လိုက်ရတာနဲ့ ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှု စတင် ပြုလုပ်မယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းက သူတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် လိုချင်နေပြီး လက်ရှိမှာတော့ အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေကာ အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

Exit mobile version