ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်တို့ကို အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။ မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်း ဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားကို အသင်းကနေ ထွက်ခွာခွင့်လည်း ပေးထားပါတယ်။

Photo Credit: Euro Sport

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဗီလာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂရီးလစ်ချ်တို့ကို ခေါ်ယူကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြုပြင်ချင်နေတာကြောင့် ဘာနာဒို ဆေးလ်ဗား အပါအဝင် အသင်းရဲ့ ကစားသမား တချို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပြီး စပိန်လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဘာနာဒို ဆေးလ်ဗား အတွက် မန်ချက်စတာ စီးတီးအသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို ပေးချေဖို့ ဆန္ဒမရှိပဲ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်သာ ပေးချေလိုနေတာကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ အဆိုပါ ပြောင်းရွှေ့ကြေးအစား အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်နဲ့ ဆေးလ်ဗားကို အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Euro Sport

ဥရောပ နာမည်ကြီး သတင်းဌာန တခုဖြစ်တဲ့ Euro Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းနဲ့ ကစားပုံကို သဘောကျတဲ့ နည်းပြတဦး ဖြစ်တာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းကသာ သဘောတူရင် ဘာနာဒို ဆေးလ်ဗားနဲ့ ဂျာအိုဖီးလစ်တို့ နှစ်ဦးကို အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ တဖက်မှာလည်း ဂျာအိုဖီးလစ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခြင်း မရှိတာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းခန့် ရရှိရင် ဂျာအိုဖီးလစ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားတာကြောင့် မန်ချက်စတာ စီးတီးအသင်းကသာ ဘာနာဒို ဆေးလ်ဗား + ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးချေပါက ဂျာအိုဖီးလစ်ကို ရောင်းထုတ်နိုင်ကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။