မန်ချက်စတာစီးတီး အသင်းကတော့ ဘင်ဖီကာ လူငယ်တိုက်စစ်ကစားသမား ဒါဝင်နူးနက်ဇ် ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့ သိရပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဆာဂျီယို အဂူရို ဟာ ဒီရာသီ ခြေစွမ်းပိုင်းအရ အခြေအနေမကောင်းနေတဲ့ အပြင် ဒဏ်ရာပြဿနာတွေ ကြောင့် ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေတာကြောင့် စီးတီး အသင်း တိုက်စစ်ပိုင်းမှာ အားနည်းနေတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် အဂူရို နဲ့ မန်စီးတီး အသင်း စာချုပ်သက်တမ်းဟာ ဒီရာသီ ကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အဂူရို ဟာ ယခုလက်ရှိအချိန်ထိ နည်းပြ ဂွာဒီယိုလာ ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့ပေမယ့်လည်း အသင်း အနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ အကောင်းဆုံးပုံစံ အနေအထားမှာ နှစ်အနည်းငယ်ပဲ ဆက်ကစားနိုင်တော့မယ်ဆိုတာ သိနေတာကြောင့် တိုက်စစ်ကစားသမား တစ်ယောက် ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

Photo Credit: Daily Mail

မန်ချက်စတာစီးတီးမှာ ဂါဘရီရယ် ဂျီးဆပ် ရှိသေးတယ်ဆိုပေမယ့်လည်း စီးတီး တာဝန်ရှိ‌သူ‌တွေက ဂျီးဆပ်ဟာ အသင်းရဲ့ နောက်ထပ် အကောင်းဆုံး တိုက်စစ် ကစားသမားတစ်ဦး ဖြစ်လာနိုင်ချေ ရှိ ၊ မရှိ အပေါ်ကို သံသယဝင်ပြီး စိုးရိမ်နေကြပါတယ်။ စီးတီး အနေနဲ့ အခုချိန်မှာ အဓိက ပစ်မှတ်ထားတဲ့ တိုက်စစ်မှူးတွေကတော့ အားလင်း ဟားလန်း နဲ့ လော့တာရို မာတီနက်ဇ် တို့ပဲ ဖြစ်ပါတယ်။ စီးတီး အနေနဲ့ အဆိုပါ တိုက်စစ်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ထိုနှစ်ယောက်ကိုသာ မခေါ်ယူနိုင်ခဲ့ရင် စီးတီး ရဲ့ နောက်ထပ် ပစ်မှတ်က ဘင်ဖီကာ လူငယ်တိုက်စစ်ကစားသမား ဒါဝင် နူးနက်ဇ် ဖြစ်လာနိုင်တယ်လို့ ဘောလုံးသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ နူးနက်ဇ် ဟာ ဘင်ဖီကာ အသင်းကို လွန်ခဲ့တဲ့ ၂ လ လောက်ကမှ ယူရို ၂၁.၈ သန်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ နူးနက်ဇ် အနေနဲ့ လိဂ် သွင်းဂိုး ၁ ဂိုးသာ ရှိသေးပေမယ့် ယူရိုပါလိဂ်မှာတော့ ၃ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘင်ဖီကာ အသင်းက လက်ရှ်ပို့ဇ်နန် အသင်းကို ၄-၂ နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာလည်း ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဖန်တီးမှု အပိုင်းမှာတော့ နူးနက်ဇ် က ဘင်ဖီကာ အတွက် ၆ ကြိမ် ဖန်တီးပေးထားနိုင်ကာ မိခင်နိုင်ငံ ဥရုဂွေး အတွက်တော့ နိုင်ငံတကာ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ အင်တာမီလန် ကစားသမား လူကာကူ ဟာ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တုန်းက စီးတီး ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ကစားသမား ဖြစ်ပြီး အင်တာ ဘက်ကနေ လူကာကူရဲ့ ရောင်းချဈေးကို ယူရို ၉၃.၇၅ သန်း အထိ တိုးမြှင့်လိုက်ပြီးတဲ့ နောက်မှာတော့ သတင်းတွေ ဆက်မထွက်လာခဲ့တော့ပါဘူး။ စီးတီး အနေနဲ့ ဟယ်ရီကိန်း ကိုလည်း ခေါ်ယူမယ့် တိုက်စစ်ကစားသမား စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပါး ဘက်ကလည်း ကိန်း ကို ရောင်းချဖို့ အတွက် တွန့်ဆုတ်နေမှာ ဖြစ်သလို ဟယ်ရီကိန်းကလည်း စပါးအသင်းကို ချစ်မြတ်နိုးတာကြောင့် အဆိုပါ အပြောင်းအရွှေ့ကတော့ ဖြစ်လာနိုင်ချေ မရှိဘူးလို့ ဆိုရပါမယ်။ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ချက်စတာ စီးတီးအသင်းဟာ နူးနက်ဇ်ကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ကြိုးစားဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြား ထားကြပါတယ်။