အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးဟာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာဟာ ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒိုင်ဘာလာဟာ ဂျူဗင်တပ် ကစားသမား ဘဝမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၇၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဂျူဗင်တပ်က သူ့ကို ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။

ဒိုင်ဘာလာကလည်း ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ခေါင်းညိတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျူဗင်တပ်က ဘဏ္ဍာရေးကိစ္စကို အကြောင်းပြကာ သူ့ကို စာချုပ်သစ် ချုပ်ဆိုမယ့် နေ့ရက်အား ရွှေ့ဆိုင်းခဲ့တာကြောင့် ဒိုင်ဘာလာရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Express

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးဟာ ဒိုင်ဘာလာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ ဒိုင်ဘာလာကသာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် ဒိုင်ဘာလာကို ခေါ်ယူနိုင်အောင် သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေပါ ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးဟာ ယခုနှစ် ဘောလုံးရာသီမှာ တိုက်စစ်မှူး ပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ ဒိုင်ဘာလာကိုသာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိရင် ဒိုင်ဘာလာကို ပစ်မှတ်ထား ကြိုးပမ်းနိုင်ကြောင်းလည်း မန်ချက်စတာ စီးတီးနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။