အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးနဲ့ လမ်းခွဲထားခဲ့သလို ရာဟင်စတာလင် ဂါဘရီရယ်ဂျေဇူးတို့လို တိုက်စစ်ကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ပါ မရေမရာ ဖြစ်လို့နေတဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေများစွာ ရှိလာနိုင်ပေမယ့်လည်း အသက်ငယ်ရွှယ်သေးပြီး အရည်အချင်းလည်း ပြည့်ဝတဲ့ လူငယ်တိုက်စစ်မှူးလေးတစ်ဦးကိုပါ အသင်းမှာ နေရာမပေးပဲ ဘွန်ဒစ်လီဂါကလပ် ဝုလ်ဗ်ဘတ်အသင်းဆီကိုသာ ရောင်းချသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ဂျာမန်ယူ-၂၁ လက်ရွေးစင် တိုက်စစ်ကစားသမားလေး လူးကပ်စ်အန်မီချာဟာ မန်စီးတီးလူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးတစ်ဦးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီး အသင်းခေါင်းဆောင်ဟောင်းကြီး ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘယ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရင်း ပြိုင်ပွဲစုံမှာ အသင်းအတွက် (၂၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို တိုက်စစ်အရည်အသွေး ကောင်းမွန်လှတဲ့ ကစားသမားလေးကို စီနီယာအသင်းမှာ နေရာမပေးပဲနဲ့ အငှားတစ်ခါ ချခဲ့ဖူးတဲ့ ဝုလ်ဖ်ဘတ်အသင်းဆီကိုပဲ အပြီးသတ် ရောင်းချသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပရက်စတန် ဝုလ်ဖ်ဘတ် မစ်ဒယ်ဘရော့နဲ့ အန်ဒါလက်ချ်အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်နေရတဲ့ အန်မီချာဟာ ဒီနှစ်နွေမှာတော့ မန်စီးတီးနဲ့ အပြီးသတ် လမ်းခွဲခဲ့ရပြီး သူအငှားနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ဝုလ်ဖ်ဘတ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်း (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ အင်္ဂလန် ယူ-၁၉အသင်းနဲ့ ယူ-၁၉ ဥရောပချန်ပီယံရှစ်ဆုနဲ့ ဂျာမနီ ယူ-၂၁အသင်းနဲ့ ယူ-၂၁ ဥရောပချန်ပီယံရှစ်ဆုတို့ကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးလေး အန်မီချာကို သူရဲ့ကလပ်အသင်း မန်စီးတီးက လက်လွတ်ခဲ့ပေမယ့်လည်း စာချုပ်ထဲမှာတော့ ဒီကစားသမားလေးကို ပြန်လည်ခေါ်ယူခွင့်နဲ့ ဝုလ်ဖ်ဘတ်ကနေ နောက်ထပ်အသင်းတစ်သင်းဆီ ပြန်လည်ရောင်းချပါက ပြောင်းရွှေ့ကြေးရဲ့ (၁၅)%ကို မန်စီးတီးအသင်းက အကျိုးခံစားခွင့်တွေ ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။ အန်မီချာကလည်း သူရဲ့စီနီယာတစ်ယောက်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုရဲ့လမ်းစဉ်အတိုင်း ဘွန်ဒစ်လီဂါမှာ ပါဝင်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး သူရဲ့အသင်းသစ် ဝုလ်ဖ်ဘတ်ကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားတာဖြစ်လို့ ဒီကစားသမားလေးရဲ့ စွမ်းဆောင်ရည်တွေ ခြေစွမ်းခြေစတွေကိုတော့ ဘောလုံးပရိသတ်တွေအနေနဲ့ အသေအချာလေး တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။