မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်တူဂီ ဗဟိုနောက်ခံလူ ရူဘင်ဒီယက်စ်ဟာ သူရဲ့ တံကောက်ကြောဒဏ်ရာပြသာနာကြောင့် မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ရဖွယ် ရှိနေရပြီး လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။
Photo Credit : The Sun
ပေါ်တူဂီလက်ရွေးစင် နောက်ခံကစားသမား ရူဘင်ဒီယက်စ်ဟာ ပီတာဘရော့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးရင်း တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လအစောပိုင်းကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ရက်သတ္တပတ် (၄)ပတ်ကနေ (၆)ပတ်လောက်အထိ အနားယူရမယ့် ဒီယက်စ်ဟာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ နှစ်ကျော့စလုံးကိုရော လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အမှတ်ပေးချန်ပီယံဆုအတွက် လုံးဝ အရေးပါတဲ့ ပွဲစဉ်ကိုရောပါ လွဲချော်ရနိုင်တဲ့ အခြေအနေတွေ ရှိနေရပါတယ်။
Photo Credit : Bein Sports
နောက်ခံလူ ဒီယက်စ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက “ရူဘင်နဲ့ ကိုးပါလ်မာတို့တော့ မကစားနိုင်ပါဘူး(ဘန်လေနဲ့ပွဲအတွက်)။ ကျန်တဲ့ ကစားသမားတွေကတော့ ကြံခိုင်မှု ပြည့်ဝနေပါတယ်။ သူတို့နှစ်ယောက်ကတော့ အနားယူနေရပါတယ်။ ဘယ်လောက်နားရမလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဆရာဝန်တွေကတော့ ရူဘင်ရဲ့ ဒဏ်ရာအခြေအနေအရ (၄)ပတ်ကနေ (၆)ပတ်လောက်အထိ အနားယူရမယ်လို့ ပြောပါတယ်။ မတ်လ(၁)ရက်နေ့ကတည်းက နားနေရတာဆိုတော့ အခုဆိုရင် (၄)ပတ်က ကုန်လွန်သွားခဲ့ပါပြီ။ (၄)ပတ်ကို သူ အနားယူခဲ့ရပါပြီ။ ဒါပေမယ့် သူ့အနေနဲ့ နောက်ထပ် (၁၀)ရက် ဒါမှမဟုတ် (၂)ပတ်လောက်အထိတော့ ဆက်လက်အနားယူရမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီယက်စ်ဟာ သူရဲ့ဒဏ်ရာကြောင့် ဧပြီ(၁၀)ရက်နေ့ အယ်တီဟတ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဧည့်ခံရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ လွဲချော်ရနိုင်ပြီး ဝင်ဘာလေမှာ လီဗာပူးလ်နဲ့ပဲ ဆုံတွေ့သွားရမယ့် အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ပြန်လည်ပါဝင် ကစားနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။