မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်သူ ကွင်းလယ်လူ ကယ်လ်ဗင် ဒီဘရိုင်းနေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် လေဗာကူဆင်အသင်းရဲ့ ဂျာမနီ ကြယ်ပွင့်ကစားသမားလေး ဖလော်ရီယန် ဝစ်ဇ်ကို အရ ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် (၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဒီဘရိုင်းဟာ ၂၀၁၅ကတည်းက ဝုဖ်လ်ဘတ်ကနေ မန်စီးတီးဆီ ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ လက်ရှိအထိ မန်စီးတီးအတွက် ဂိုးဖန်တီးမှုပေါင်းများစွာ လုပ်ဆောင်ပေးခဲ့သလို အရေးကြီးတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒီဘရိုင်းရဲ့ ကြံခိုင်မှု အခြေအနေတွေက အားမကောင်းတော့သလို ဒဏ်ရာတွေ မကြာခဏ ရရှိလာတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုရင်လည်း မန်စီးတီးအသင်းအတွက်ရော ဘယ်လ်ဂျီယံအသင်းအတွက်ပါ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း ပွဲ(၄၀)လောက်အထိတောင် ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

ဒါ့အပြင် မန်စီးတီးနဲ့ ဒီဘရိုင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ဒီရာသီအကုန်မှာပဲ သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့လည်း နီးစပ်နေပါတယ်။ ဒါကြောင့် မန်စီးတီးက ဒီဘရိုင်းနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကစားသမားတစ်ဦး ရှာဖွေနေပြီး လက်ရှိမှာတော့ ဖလော်ရီယန် ဝစ်ဇ်ကို အတော်လေး မျက်စိကျနေပါတယ်။

Photo Credit : Bavarian Football Works

အသက် (၂၁)နှစ်အရွယ် ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားလေး ဝစ်ဇ်ဟာ လေဗာကူဆင်အသင်းကို ၂၀၂၀ကမှ ကိုလုံး လူငယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လေဗာကူဆင်အတွက်သာမကပဲ ဂျာမနီအသင်းအတွက်ပါ အဓိက ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

ကွင်းလယ်တိုက်စစ်မှာရော တောင်ပံနှစ်ဖက်မှာပါ ကစားနိုင်သူ ဂိုးဖန်တီးမှုရော သွင်းဂိုးတွေပါ လုပ်ဆောင်နိုင်သူ ဝစ်ဇ်ကို လက်ရှိမှာ မန်စီးတီးအပြင် အာဆင်နယ် လီဗာပူးလ် ရီးယဲလ် ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်ကပါ စိတ်ဝင်စားလို့နေပြီး လေဗာကူဆင်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)လောက်အထိ အလိုရှိနေပါတယ်။