စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ သူရဲ့ ဖီနာဘာချီအသင်းကို ကစားသမားအင်အား ဖြည့်တင်းသွားဖို့အတွက် မန်ချက်စတာ စီးတီးအသင်းက ဘရာဇီးလ် ဂိုးသမား အီဒါဆင်ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက်(၃၁)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆင်ဟာ ၂၀၁၇ကတည်းက ဘင်ဖီကာကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ရင်း အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ လက်စွမ်းပိုင်း ကျဆင်းမှုတွေ ရှိလာခဲ့သလို အရန်ဂိုးသမား စတီဖန် အော်တီဂါကပါ သူ့နေရာကို အတော်လေး ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် မန်စီးတီးက နွေမှာ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ဂိုးသမား ဒီယေဂို ကော်စတာကိုပါ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတာကြောင့် အီဒါဆင်ရဲ့ အနာဂတ် အခြေအနေက ပိုဝေဝါးလာခဲ့ရပြီး ဆော်ဒီကလပ်အသင်းတွေအပြင် တူရကီထိပ်သီးကလပ်တွေဖြစ်တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ကပါ အီဒါဆင်ကို စောင့်ကြည့်လာကြပါတယ်။

ဖီနာဘာချီနည်းပြကြီး မော်ရင်ဟိုကတော့ စီးတီးနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့ ဂိုးသမားအီဒါဆင်ကို သူ့အသင်းဆီ ရောက်ရှိလာအောင် စည်းရုံးသွားဖို့ ရှိနေပြီး ခါးသီးပြိုင်ဘက် ဂါလာတာစာရေးအသင်းထက် လက်ဦးမှု ရနိုင်ဖို့လည်း ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Record

ဒါပေမယ့် မော်ရင်ဟိုကိုယ်တိုင်ကလည်း လာမယ့် ဘောလုံးရာသီအထိ ဖီနာဘာချီနည်းပြအဖြစ် ဆက်လက် ရှိသွားဖို့က မသေချာ မရေရာ ဖြစ်နေပြီး သူ့အနေနဲ့ စကော့တလန်လိဂ်က ကလပ်အသင်းတွေကို ကိုင်တွယ်သွားဖို့လည်း စိတ်ဝင်စားမှု ရှိတယ်လို့ ရိန်းဂျားစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါသေးတယ်။

“အနာဂတ်မှာ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ စကော့တလန်လိဂ်ဟာ အသင်းနှစ်သင်းရဲ့ လိဂ်တစ်ခုလို့ လူတွေက ပြောကြပါတယ်။ ဒါပေမယ့် အဲဒါက စိတ်အားထက်သန်မှုလိဂ်တစ်ခုပါ။ ဘောလုံးမှာ စိတ်အားထက်သန်မှုက ကျွန်တော့်အတွက် အရာအားလုံးပါပဲ။ ပရိသတ်မရှိတဲ့ကွင်းတွေ ဒါမှမဟုတ် စိတ်အားထက်သန်မှုမရှိတဲ့ မီးတောက်တွေ မရှိတဲ့နေရာတွေမှာ ကစားတာက ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိပါဘူး။ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့ဟာ ကြီးမားတဲ့ ပရိသတ်အခြေခံတွေ၊ ကြီးမားတဲ့ စိတ်ခံစားမှုတွေ၊ ကြီးမားတဲ့ တာဝန်ယူမှုတွေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေရှိတဲ့ ကြီးမားတဲ့ကလပ်အသင်းတွေပါ။ ဒါကြောင့် ဘာကြောင့် မဖြစ်နိုင်ရမှာလဲ” လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။