MySport Myanmar

အီဗရာရဲ့ ပရီးမီးယားလိဂ် စံချိန်ကို ရိုက်ချိုးသွားနိုင်ခဲ့တဲ့ စီးတီး ဂိုးသမား အီဒါဆန်

မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆန်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲပေါင်း (၁၅၀)ကို အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတာကြောင့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ပက်ထရစ်အီဗရာ တင်ရှိထားတဲ့ စံချိန်ဟောင်းကိုပါ ရိုက်ချိုးသွားနိုင်ခဲ့ရပါတယ်။

Photo Credit : The US Sun

ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမားဟောင်းကြီး အီဗရာဟာ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း(၂၁၃)ပွဲ ကစားလို့အပြီး နိုင်ပွဲပေါင်း (၁၅၀)ကို ရယူနိုင်ခဲ့ရပေမယ့် မန်စီးတီး ဂိုးသမား အက်ဒီဆန်ကတော့ ပရီးမီးယားလိဂ် (၁၉၇)ပွဲ ကစားထားအပြီးမှာပဲ နိုင်ပွဲပေါင်း (၁၅၀) ပြည့်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ အီဒါဆန်ရဲ့ အသင်းဖော်ဖြစ်သူ ကွင်းလယ်ကစားသမား ဒီဘရိုင်းနားဟာလည်း ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၂၁၅)ပွဲနဲ့ နိုင်ပွဲ (၁၅၀)ကို ရရှိခဲ့သလို အသင်းဖော်ဟောင်းကြီး ဖာနန်ဒင်ဟိုဟာလည်း (၂၁၆)ပွဲ ကစားလို့အပြီး ပရီးမီးယားလိဂ် နိုင်ပွဲပေါင်း (၁၅၀)အထိ ပြည့်မြောက်နိုင်ခဲ့ပါတယ်။

Photo Credit : Bitter and Blue

ဘရာဇီးလ်လက်ရွေးစင် ဂိုးသမား အီဒါဆန်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၂၆၁)ပွဲ ကစားထားနိုင်ခဲ့ကာ ဂိုးမပေးခဲ့ရတဲ့ clean sheets ပွဲပေါင်း (၁၂၉)ပွဲအထိကို စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းမှာ အယ်လီဆန်ဘတ်ကာရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားခွင့်ရခဲ့သူ အီဒါဆန်ဟာ မန်စီးတီးမှာတော့ အမြဲတမ်း ပင်တိုင် ဂိုးသမားအဖြစ် ဆက်တိုက် ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း တစ်နှစ်ခွဲနီးပါးလောက်အထိ အသင်းအတွက် ပွဲတိုင်းကို ပါဝင်ထားခဲ့ရပါတယ်။ အီဒါဆန်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ် အပါအဝင် ဆုဖလားပေါင်း (၁၁)ခုအထိ ပိုင်ဆိုင်ထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ရွေလက်အိတ်ဆုကိုပါ (၃)ရာသီဆက်တိုက် ရရှိထားခဲ့ရပါတယ်။ ဒီရာသီမှာလည်း အီဒါဆန်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၀) ပါဝင်ကစားထားခဲ့ပြီး (၉)ပွဲအထိ clean sheets ရယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း (၁၅)ပွဲ ကစားထားရင်း (၆)ပွဲ clean sheets ရယူထားခဲ့ပါတယ်။

Exit mobile version