MySport Myanmar

ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူ လက်ခံထားတဲ့ အီဒါဆင်

မန်ချက်စတာ စီးတီးအသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အီဒါဆင်ဟာ တူရကီစူပါလိဂ်ကလပ် ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားပြီဖြစ်ပြီး အသင်းနှစ်သင်းကြား ဂိုးသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဘရာဇီးလ် ဂိုးသမားဟာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ အီတီဟတ်ကွင်းကို ရှစ်နှစ်အကြာမှာ စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အဲ့ဒီကာလအတွင်း ပရီးမီးယားလိဂ်ဖလား (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ် အပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Manchester City FC

ဒီအပတ်အစောပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂါလာတာစာရေးအသင်းဟာ အတွေ့အကြုံရင့် ဘရာဇီးလ်ဂိုးသမားကို အီတီဟတ်ကွင်းကနေ ဆွဲဆောင်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးတီးအသင်းထံ ယူရို(3)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဂျာနယ်လစ် Yagiz Sabuncuoglu က ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့်ဟာ ဂါလာတာစာရေးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး တူရကီချန်ပီယံအသင်းက အင်္ဂလန်ကလပ်နဲ့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ အီဒါဆင်ဟာ အမှတ်တရကောင်းများစွာနဲ့ ရှစ်နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီ ဖြစ်ပါတယ်။ နည်းပြ ပက်ပ် ဂွါဒီယိုလာဟာ လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် သူ့ရဲ့အသင်းကို ပြန်လည်တည်ဆောက်နေချိန်မှာ အီဒါဆင်နေရာအတွက် အစားထိုးမယ့်သူကိုလည်း သတ်မှတ်ထားပြီးဖြစ်ပြီး ဘန်လေအသင်းရဲ့ ဂျိမ်းစ် ထရက်ဖို့ဒ်ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Photo Credit : Goal

အသက်(၃၁)နှစ်အရွယ် ဂိုးသမားကို ခေါ်ယူဖို့အတွက် ဂါလာတာစာရေးအသင်းက ရေပန်းအစားဆုံးဖြစ်နေပေမယ့် သူ့အနေနဲ့ ဆော်ဒီ ပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်ဟီလာနဲ့ အယ်လ်အီတီဟတ်တို့ဆီကနေ မြင့်မားတဲ့ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပါသေးတယ်။

ဒီနွေရာသီမှာ အမေရိကန်မှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ညီအစ်မကလပ် ပါလာမိုအက်ဖ်စီနဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ တစ်ပွဲသာကစားဖို့ စီစဉ်ထားပြီး အဲ့ဒီနောက် ခုနစ်ရက်အကြာမှာတော့ ဝုလ်ဗ်အသင်းနဲ့ ရာသီသစ်အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Exit mobile version