အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီးဖြစ်သူ ဆာဂျီယိုအဂွဲရိုးနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် အားထားရမယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းကို အဓိကပစ်မှတ်ထားလို့နေပြီး အရခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးအပြင် အသင်းက ကစားသမားတချို့ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ဝန်းကျင်ခန့်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပေမယ့်လည်း စပါးဘက်ကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အလွယ်တကူ ရောင်းထုတ်သွားဖွယ် မရှိတာကြောင့် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ကစားသမားတွေထဲကမှ ကစားသမားတစ်ဦးကိုပါ အပြောင်းအရွှေ့မှာ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒီလို မန်စီးတီးအသင်းဘက်ကနေ အလိုက်ပေးသွားမယ့် ကစားသမားတွေထဲမှာ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်ပါ ပါဝင်နေတယ်လို့ မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FourFourTwo

ဒါပေမယ့် ESPN သတင်းမီဒီယာကနေ ဖော်ပြလာမှုတွေအရ စတာလင်ဟာ ဟာရီကိန်းနဲ့ပတ်သက်ပြီး အခုလို စပါးအသင်းဆီ အလိုက်ပေးခံရမယ့် အစီအစဉ်ကို လက်ခံသွားမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ စတာလင်ဟာ ၂၀၁၅ခုနှစ်က လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာချိန်ကနေ ဘောလုံးရာသီတိုင်းလိုလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကတော့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရတဲ့ အကြိမ်ရေတွေက များပြားခဲ့ရတာကြောင့် သူရဲ့မန်စီးတီးကစားသမားဘဝ အနာဂတ်အခြေအနေတွေက လှုပ်ခတ်လာခဲ့ရတာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့အတွက် မန်စီးတီးအနေနဲ့ ဟာရီကိန်းကို ကမ်းလှမ်းချိန်မှာ စတာလင် အပါအဝင် အသင်းမှာ အနာဂတ်မရေမရာ ဖြစ်နေရတဲ့ ကစားသမားတချို့ကို အလိုက်ပေးကမ်းလှမ်းမှု ပြုလုပ်သွားလိမ့်မယ်လို့ သတင်းတွေကနေ ဖော်ပြလာကြတာဖြစ်ပေမယ့် စတာလင်ကတော့ သူ့ကို အလိုက်ပေးမယ့် အစီအစဉ်ကို လက်ခံသွားမှာမဟုတ်ပဲ အသင်းနဲ့ သက်တမ်းတိုးသွားဖို့ကို ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။