ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အင်္ဂလန်ပြည်တွင်းလိဂ်ဖလား သုံးလုံးစလုံးကို အရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်၁၆သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်မြေမှာပဲ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။

Photo Credit: UEFA.com

ဘာနေဗျူးမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် ကွင်းလယ် ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဒီဘရိုင်းရဲ့ ခြေစွမ်းကောင်းတွေကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာပါ။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဂျီးဆပ် ၊ ကွင်းလယ်လူ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရဲလ်ကို အနိုင်ရခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းအတွက် သွင်းဂိုးကိုတော့ အစ္စကိုက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ပွဲစဉ်ရဲ့ အကောင်းဆု​ံး ကစားသမားဆုကို ရခဲ့တဲ့သူက တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းပါပဲ။

Photo Credit: UEFA.com

 

အဆိုပါပွဲစဉ်ဟာ မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် ရီးရဲလ်မက်ဒရစ်အသင်းကို ပထမဦးဆုံးအကြိမ် အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်သလို အင်္ဂလန်အသင်းတွေထဲမှာ နောက်ဆုံး၁၁နှစ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းကို ပထမဦးဆုံးအကြိမ် အနိုင်ရခဲ့တဲ့အသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ နောက်ဆုံး၁၁နှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူ ၊ လီဗာပူးလ် စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အဆိုပါ အသင်းတွေကို အနိုင်ယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ တွေ့ဆုံချိန်ကျမှသာ အရှုံးပေးခဲ့ရတာလဲ ဖြစ်ပါတယ်။