ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ စပိန်လာလီဂါ ကလပ် ဗလင်စီယာအသင်းရဲ့ တောင်ပံ ကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ခေါ်ယူနိုင်တဲ့ အကြောင်း ကို ယနေ့မှာပဲ ကြေညာသွားဖွယ် ရှိတယ်လို့ သိရှိရပါတယ်။ မန်စီးတီးအသင်းဟာ ဆာနေး ထွက်ခွာသွားမှုကြောင့် လစ်လပ်သွားတဲ့ တောင်ပံ တိုက်စစ် နေရာတစ်နေရာ အတွက် ဖာရန် တောရက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ ဗလင်စီယာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard

စပိန်အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ L’Equipe သတင်းဌာနရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့သလို တောရက်စ်အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကိုလည်း ဗလင်စီယာအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ L’Equipe သတင်းဌာနရဲ့ အဆိုအရတော့ မန်စီးတီးအသင်းဟာ တောရက်စ်အတွက် ဗလင်စီယာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်း ပေးချေရဖို့ ရှိနေပြီး တောရက်စ်ကိုလည်း ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်သက်တမ်း ချုပ်ဆိုမယ် လို့ သိထားရပါတယ်။

Photo Credit: Standard

အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဖာရန် တောရက်စ်ဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်ခုစလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ အတိုးအလှုပ်တွေ ၊ ဖြတ်တင်ဘော ပေးပို့မှုတွေဟာ အတော်လေး ကောင်းမွန်တာကြောင့် စပိန်လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာမယ့်သူလို့ ရှုမြင်ခြင်းကို ခံထားရတဲ့သူပါ။ ဖာရန် တောရက်စ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဗလင်စီယာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ အထိ ပါဝင် ကစားပေးထားပြီး ၆ဂိုး သွင်းယူပေးထားကာ ၈ဂိုးအထိ ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယခင်ကလည်း အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ့် ဒေးဗစ်ဆေးလ်ဗားကို ဗလင်စီယာအသင်း ကနေ ခေါ်ယူခဲ့တာကြောင့် ဖာရန်တောရက်စ်ဟာလည်း ဆေးလ်ဗားလိုမျိုး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ကစားနိုင်မယ့်သူလို့ ဘောလုံးသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။