အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားလေး လော်သာရိုမာတီနက်ဇ်ကတော့ သူရဲ့ခြေစွမ်းကောင်းတွေကြောင့် အချိန်တိုလေးအတွင်းမှာပဲ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်ကြယ်ပွင့်လေးတစ်ယောက်အဖြစ် သတ်မှတ်ခံလာရသလို သူ့ကိုလည်း ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။ အခုလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းဘက်ကနေ စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူဖို့လည်း အခြေအနေအကောင်းဆုံးအသင်းအဖြစ်နဲဲ့တောင် ရပ်တည်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

Photo Credit : Getty Image

အသက်(၂၂)နှစ်အရွှယ်ရှိ တိုက်စစ်မှူးမာတီနက်ဇ်ကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ ဝိုင်းပစ်မှတ်ထားနေကြသလို ကစားသမားကိုယ်တိုင်ကလည်း သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းကြီးတွေထဲကမှ တစ်သင်းသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာ မာတီနက်ဇ်နဲ့ သတင်းအထွက်ဆုံးက ဘာစီလိုနာအသင်းဖြစ်နေသလို ကစားသမားကိုယ်တိုင်ကလည်း မက်ဆီနဲ့ တွဲကစားဖို့ ဆန္ဒရှိနေတယ်ဆိုပေမယ့် နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်း မန်စီးတီးကိုသာ ပြောင်းရွှေ့ဖို့ ပိုနီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

မန်စီးတီးအသင်းက ဒီရာသီမှာ အနီးစပ်ဆုံးပြိုင်ဘက်အသင်း လီဗာပူးလ်နဲ့ ရမှတ်ပြတ်တောက်မှု အရမ်းကြီးမားလွန်းနေတာကြောင့် လာမယ့်ဘောလုံးရာသီအတွင်း အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖွယ်ရှိနေကာ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂူရိုရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်အောင် မာတီနက်ဇ်ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အဂူရိုနဲ့ မာတီနက်ဇ်တို့နှစ်ဦးက အာဂျင်တီးနားနိုင်ငံသားတွေဖြစ်နေသလို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း မာတီနက်ဇ်က အဂူရိုနေရာာကို အစားထိုးနိုင်မယ်သူလို့ ယုံကြည်လျက်ရှိနေပါတယ်။ ဒါ့အပြင် အင်တာဘက်ကနေ သတ်မှတ်ထားတဲ့ မာတီနက်ဇ်အတွက် စာချုပ်လျော်ကြေးပမာဏ ယူရိုသန်းတစ်ရာကို ဘာစီလိုနာ ချယ်လ်ဆီးအသင်းတို့ဘက်ကနေ အပြည့်အဝပေးချေဖို့ ဆန္ဒမရှိပဲ မန်စီးတီးကတော့ ယူရိုသန်းတစ်ရာနဲ့ ကမ်းလှမ်းဖို့ ဝန်မလေးတာကြောင့် မန်စီးတီးကိုပဲ ရောက်ရှိဖို့များနေတယ်လို့ သတ်မှတ်လာခဲ့ကြတာဖြစ်ပါတယ်။