ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်း လစ္စဘွန်းကို ပေါ်တူဂီမြေမှာ ၀-၅ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံဆီ ပြန်လာခဲ့ရာ လေယာဉ်ပျက်ကျလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးဟာ အင်္ဂါနေ့ညမှာ စပို့တင်း လစ္စဘွန်းကို ၀-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီးနောက် နောက်တနေ့မှာပဲ စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာလေဆိပ်ဆီ ပြန်လာခဲ့ရာ လမ်းခရီးမှာ ရာသီဥတု အလွန် ဆိုးဝါးခဲ့တာကြောင့် မန်ချက်စတာလေဆိပ် အစား လီဗာပူးလေဆိပ်ဆီ ပြောင်းလဲ ဆင်းသက်ခဲ့ရပါတယ်။

Photo Credit: Daily Mail

အဆိုပါနေ့က အင်္ဂလန်နိုင်ငံ တဝှမ်းမှာ လေတိုက်နှုန်း အလွန် ပြင်းထန်ခဲ့ပြီး အခန့်မသင့်ရင် လေယာဉ် ပျက်ကျမယ့် အန္တရာယ်နဲ့ပါ ကြုံတွေ့ရနိုင်ကာ မန်ချက်စတာ စီးတီးရဲ့ လေယာဉ်ကို တာဝန်ယူ မောင်းနှင်တဲ့ လေယာဉ်မှူးက မန်ချက်စတာလေဆိပ်မှာ မဆင်းသက်ပဲ လီဗာပူးလေဆိပ်မှာ ပြောင်းလဲ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့ကြောင်း လေယာဉ်မှူး အသိုင်းအဝိုင်းက ပြောပါတယ်။

အကယ်၍ အဆိုပါနေ့မှာသာ လေယာဉ်မှူးက ခေါင်းမာစွာနဲ့ မန်ချက်စတာလေဆိပ်မှာ ဆင်းသက်ဖို့ ကြိုးစားခဲ့မယ် ဆိုရင် လေယာဉ် မတော်တဆမှု တခုနဲ့ ကြုံတွေ့ရနိုင်ကြောင်းလည်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အဆိုပါဖြစ်ရပ် အပြီးမှာ လေယာဉ်မှူးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လေယာဉ်မှူးက ထိပ်တန်း လေယာဉ်မှူး တဦး ဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်တို့တွေ အဲ့ဒီနေ့က ရာသီဥတု အခြေအနေနဲ့ အခက်အခဲကြားမှာ လေယာဉ်ပျံသန်းနေမှုကို ကြည့်ပြီး အတော်လေး ကြောက်မိခဲ့ပါတယ်။ လေယာဉ်ပျံထဲမှာ ရှိနေတုန်း ကတော့ လေယာဉ်ဝန်ထမ်းတွေရဲ့ စကားတွေကြောင့် စိတ်သက်သာရာ ရခဲ့ပါသေးတယ်။ ကျွန်တော်တို့ရဲ့ လေယာဉ်မှူးကလည်း အရမ်းကို တည်ငြိမ်ပြီး အလွန် တော်တဲ့ လေယာဉ်မှူး တဦးပါ။ ဒါကြောင့် အသင်းသား အားလုံးရဲ့ ကိုယ်စား ကျွန်တော်က သူ့ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်” လို့ စပါးနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။