မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ခံစစ်အစွန်ခြမ်း နေရာတွေအတွက် ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဂျုဗင်တပ်စ် ဘယ်နောက်ခံလူ ကမ်ဘီယာဆိုနဲ့ နယူးကာဆယ် ညာနောက်ခံလူ လီဗရာမန်တိုတို့ နှစ်ဦးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ နွေမှာ အသင်းကနေ ကစားသမား အများအပြားကို ရောင်းချသွားဖို့ ရှိနေပြီး ကစားသမား အသစ်တွေကိုလည်း ပြန်လည် ဝယ်ယူသွားဖို့လည်း ရှိနေပါတယ်။ မန်စီးတီးဟာ ခုဆောင်းဈေးကွက်တုန်းကလည်း ပေါင်သန်း(၁၇၀)လောက် အသုံးပြုပြီး ကစားသမားသစ် (၄)ဦးအထိ ဖြည့်တင်းခဲ့ပါသေးတယ်။

Photo Credit : Football365

မန်စီးတီးက ဆောင်းဈေးကွက်မှာ ခံစစ်ကစားသမား (၂)ဦးကို ခေါ်ယူခဲ့သလို ဂျုဗင်တပ်စ်အသင်းရဲ့ အီတလီ ဘယ်နောက်ခံလူ ကမ်ဘီယာဆိုကိုပါ ထပ်မံ ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း လန်းစ်က ဥဇဘက်ကစ္စတန် ခံစစ်မှူး ခူဆာနော့ဗ်နဲ့ ပါးလ်မီးရပ်စ်က ဘရာဇီးလ် ခံစစ်ကစားသမားလေး ဗစ်တာရိုက်စ်တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးက ကမ်ဘီယာဆိုကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ လာမယ့်နွေမှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ အစီအစဉ် ရှိနေပါတယ်။ အသက်(၂၅)နှစ်အရွယ် နောက်ခံအစွန်လူ ကမ်ဘီယာဆိုဟာ ဘယ်နောက်ခံနေရာမှာသာမကဘဲ ညာခြမ်းခံစစ်နေရာမှာလည်း ကစားနိုင်သူဖြစ်ပြီး တန်ကြေးအရတော့ မြင့်မားလွန်းသူလည်း ဖြစ်ပါတယ်။

Photo Credit : The Telegraph

ဂျုဗင်တပ်စ်နဲ့ ၂၀၂၉ခုနှစ်အထိ ကာလရှည် စာချုပ်သက်တမ်းကြီးရှိတဲ့ ကမ်ဘီယာဆိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ယူရို(၆၅)သန်း ယူရိုသန်း(၇၀)လောက်အထိ အသုံးပြုရနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့်လည်း မန်စီးတီးက ကမ်ဘီယာဆိုအပြင် နောက်ထပ် နောက်ခံအစွန်လူ တီနို လီဗရာမန်တိုကိုပါ ချိန်ရွယ်လာပါတယ်။

အသက်(၂၂)နှစ်အရွယ် ချယ်လ်ဆီး အကယ်ဒမီထွက် ညာနောက်ခံလူ လီဗရာမန်တိုဟာ ဘယ်ခြမ်းခံစစ်မှာလည်း ကစားနိုင်သူ ဖြစ်ပြီးတော့ နယူးကာဆယ်ရဲ့ အဓိက ကစားသမားလည်း ဖြစ်ပါတယ်။ မန်စီးတီးကတော့ ကမ်ဘီယာဆိုကို ပိုမို ဦးစားပေး ကြိုးပမ်းနိုင်ပြီး ကမ်ဘီယာဆိုကို မရမှသာ လီဗရာမန်တိုကို ကမ်းလှမ်းနိုင်ပါတယ်။