ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်း လတ်တလောမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိလို့နေတဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ဘယ်ခြမ်းခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘယ်နောက်ခံကစားသမားဖြစ်သူ နူနိုတာဗာရက်စ်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာများစွာကနေ ဖော်ပြလျက် ရှိနေပါတယ်။

Photo Credit : Arsenal

အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီဘယ်နောက်ခံကစားသမား တာဗာရက်စ်ဟာ ဘင်ဖီကာအသင်းကနေ အာဆင်နယ်အသင်းဆီကို ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲအထိကို ပါဝင်ကစားထားရသူ ဖြစ်ပါတယ်။ တာဗာရက်စ်ဟာ ရာသီအစပိုင်းမှာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အမှားအယွင်းလေး ရှိလာခဲ့တာကြောင့် အာဆင်နယ်နည်းပြ အာတီတာက လာမယ့်ပွဲတွေမှာ တာဗာရက်စ်ထက် နောက်ထပ် ဘယ်နောက်ခံလူဖြစ်တဲ့ ကီရန်တီယာနေးကိုသာ ပိုမိုနေရာပေးလာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Express

ဒီလို အခြေအနေမျိုး ရှိနေရတဲ့ တာဗာရက်စ်ကို ပရီးမီးယားလိဂ်က ထိပ်တန်းကလပ်အသင်းကြီးဖြစ်တဲ့ မန်စီးတီးအသင်းကနေ ခေါ်ယူသွားဖို့ အံ့အားသင့်စဖွယ် စိတ်ဝင်စားလာခဲ့ပြီး အသင်းရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် တာဗာရက်စ်ကို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင်က မျက်စိကျလာခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိ မန်စီးတီးအသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ ကန်ဆယ်လို ဇင်ချန်ကို မန်ဒီတို့ ရှိနေပေမယ့် ကန်ဆယ်လိုက ညာခြမ်းခံစစ် ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် ဇင်ချန်ကိုကလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေသလို မန်ဒီကလည်း လတ်တလောမှာ အမှုကိစ္စတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အသင်းကနေ ထုတ်ပယ်ရဖွယ် ရှိနေတာကြောင့် အခုလို တာဗာရက်စ်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ တာဗာရက်စ်ကို လာမယ့် ဇန်နဝါရီစျေးကွက်မှာ ကမ်းလှမ်းဖွယ် မရှိနိုင်ပေမယ့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာတော့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လာမယ့် ဆာင်းစျေးကွက်မှာ သူတို့အသင်းအတွက် ကစားသမားသစ်တွေ အားဖြည့်တင်းဖို့ မလိုအပ်ပဲ လက်ရှိ ကစားသမားအင်အားနဲ့လည်း အတောင့်တင်းဆုံး ဖြစ်နေတယ်လို့ ပြောဆိုထားခဲ့ပါတယ်။