လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မလွယ်ကူတဲ့ အခြေအနေကြောင့် ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၃၂နှစ် အရွယ် ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူးအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမားပါ။

Photo Credit: Daily Mail

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးဟာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး မန်ချက်စတာ စီးတီးအသင်းဟာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းတွေထဲက တသင်းပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ အဂူရို ထွက်သွားပြီးနောက် လစ်လပ်နေတဲ့ အသင်းရဲ့ အထောင်တိုက်စစ်မှူး နေရာကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်ပေမယ့် စပါးအသင်းက ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ တောင်းဆိုနေတာကြောင့် ပြောင်းရွှေ့ကြေး နည်းပါးတဲ့ လီဝမ်ဒေါစကီးကို ရေတိုကုစားမှု တခု အဖြစ် ရှုမြင်နေပါတယ်။

Photo Credit: Daily Mail

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာနဲ့ လီဝမ်ဒေါစကီးတို့ဟာ ဆရာတပည့်ဟောင်းတွေ ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးအသင်းကသာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပါက လီဝမ်ဒေါစကီးဟာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BILDက ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ နစ်ဂယ်စမန်းကလည်း လီဝမ်ဒေါစကီးရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေတဲ့ အကြောင်းကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံထားပြီး အကယ်၍ လီဝမ်ဒေါစကီးကသာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံလာပါက ဘိုင်ယန်မြူးနစ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ လီဝမ်ဒေါစကီးကို ရောင်းချနိုင်ကြောင်း သိရပါတယ်။