အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ လိဒ်ယူနိုက်တက်ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ အသက်အရွယ် ရလာပြီ ဖြစ်တဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဖာနန်ဒင်ဟိုရဲ့နေရာကို အစားထိုးဖို့ ကစားသမားသစ်တွေ စတင် ရှာဖွေနေပြီး အဖျက်အား ကောင်းသလို ဘောလုံးကိုင် ကစားမှုမှာလည်း ကောင်းမွန်တဲ့ ကယ်ဗင်ဖီးလစ်ဟာ သူတို့အသင်း အဓိက မျက်စိကျနေတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Times

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ဟာ မြန်ဆန်သလို ဘောလုံးလမ်းကြောင်းတွေကို တွက်ဆရာမှာ ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြနေသူပါ။

ကယ်ဗင်ဖီးလစ်ဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်တာကြောင့် အကယ်၍ ယခုနှစ် ဘောလုံးရာသီမှာသာ အသင်းနဲ့ အောင်မြင်မှု တစုံတရာ ရယူနိုင်ခြင်း မရှိပါက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ စဉ်းစားမယ့် ကစားသမား ဖြစ်ပြီး လိဒ်အသင်း ကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၅၀သန်းနဲ့ ၆၀သန်းကြား သတ်မှတ်ထားပါတယ်။

Photo Credit: The Times

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းနဲ့အပြိုင် မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို အဓိက ခေါ်ယူချင်နေတာကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ ပိုမို အခွင့်အလမ်း များနေပါတယ်။

ဒါ့အပြင် မန်ချက်စတာ စီးတီးအသင်း နည်းပြ ဂွာဒီယိုလာနဲ့ လိဒ်ယူနိုက်တက် နည်းပြ ဘီယဲယ်ဆာတို့ရဲ့ ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေတာက ကယ်ဗင်ဖီးလစ်ရဲ့ အပြောင်းအရွှေ့မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပြီး ကယ်ဗင်ဖီးလစ် ကတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်ကာ သူ့အတွက် ပုံမှန်နေရာ ရနိုင်မယ့် ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။