ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် မန်စီးတီးအသင်းဘက်ကနေ နာမည်ကျော်တိုက်စစ်ကစားသမားများစွာဖြစ်တဲ့ လီယွန်နယ်မက်ဆီ လော်သာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားခဲ့တာဖြစ်သလို အခုလည်း ဒေါ့မွန်အသင်းနဲ့ ခြေစွမ်းတွေ ပြသလို့နေတဲ့ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကိုပါ စိတ်ဝင်စားနေလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ (၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၁၄)ပွဲအတွင်း (၁၇)ဂိုးအထိတောင် သွင်းယူထားကာ အသင်းရဲ့ အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်လို့နေပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့ထားတဲ့ ဟာလန်းကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလို့နေပြီး ဒီအသင်းတွေထဲမှာ မန်စီးတီးပါ ထပ်တိုးပါဝင်လာခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Marca

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူးကြီးဖြစ်တဲ့ အဂွဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖွယ် ရှိနေတာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် တိုက်စစ်မှူးတစ်ယောက်ကို အလိုရှိနေပြီး အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ချိန်ရွှယ်နေတဲ့အပြင် ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ ဟာလန်းကိုပါ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ ဟာလန်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)ဝန်းကျင်လောက်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုထားသလို စာချုပ်ဖျက်သိမ်းကြေးကိုလည်း ပေါင်(၆၉)သန်းခန့်လောက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီစာချုပ်ဖျက်သိမ်းကြေးဟာ ၂၀၂၁-၂၀၂၂ဘောလုံးရာသီအကုန်မှသာ စတင်သက်ရောက်မှာဖြစ်လို့ လာမယ့်နွေစျေးကွက်မှာသာ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၉၁)သန်းလောက်နဲ့ ကမ်းလှမ်းရနိုင်ပါတယ်။ လက်ရှိမှာ ဟာလန်းကို ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း အပြိုင်ပစ်မှတ်ထားလို့နေပြီး ယူရို-၂၀၂၀ ပြိုင်ပွဲကြီးမတိုင်ခင်မှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာကြဖွယ် ရှိနေပါတယ်။