MySport Myanmar

ဂဗာဒီယော်လ်ကို ခေါ်ယူနိုင်ဖို့ ပိုမိုပြီး နီးစပ်လာခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ်လူ ကိုဗာချစ်ကို ခေါ်ယူလို့အပြီး နောက်ထပ် ခရိုအေးရှား ကစားသမားတစ်ဦးဖြစ်သူ နောက်ခံလူ ဂဗာဒီယော်လ်ကိုပါ အသင်းဆီ ထပ်မံ ခေါ်ဆောင်နိုင်ဖို့က အလွန် နီးစပ်နေပြီလို့ သိရပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်း သမိုင်းကြောင်းတစ်လျှောက် သမိုင်းဝင် အောင်မြင်မှုအဖြစ် ချန်ပီယံလိဂ်+ပရီးမီးယားလိဂ်+အက်ဖ်အေ ဖလားတို့ကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက လာမယ့် ရာသီမှာလည်း အသင်းကို အကောင်းဆုံးပုံစံမှာ ဆက်လက် ရပ်တည်နေနိုင်အောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဆီ ထွက်ခွာသွားတဲ့ ဂွန်ဒိုဂန်နေရာမှာ ကိုဗာချစ်နဲ့ အစားထိုးခဲ့သလို အသင်းပြောင်းနိုင်ခြေ ရှိနေသော လာပေါ့တ်နေရာမှာလည်း ဂဗာဒီယော်လ်နဲ့ အစားထိုးနိုင်ဖို့ အသေအချာကို စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : beIN SPORT

ဂဗာဒီယော်လ်ကိုယ်တိုင် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ခေါင်းညိတ်ထားခဲ့ပြီဖြစ်ပြီး လိုက်ပ်ဇစ်အသင်းဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၈၆)သန်းအထိ အလိုရှိနေပါတယ်။ အသက် (၂၁)နှစ် အရွယ်သာ ရှိနေသေးသလို လက်ရှိ ဥရောပမှာလည်း အလားအလာ အရှိဆုံး ခံစစ်ကစားသမားအဖြစ် ယူဆခံထားရသူ ဂဗာဒီယော်လ်ဟာ စီးတီးနည်းပြ ဂွာဒီယိုလာ နှစ်သက်ရတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ဒီနွေမှာပဲ အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။

Photo Credit : The Times

လိုက်ပစ်ဇ် ဒါရိုက်တာကတော့ သူတို့အသင်းနဲ့ စီးတီးတို့ကြားမှာ ဆွေးနွေးမှုက ရှိနေသေးပြီး ဂဗာဒီယော်လ်အတွက်ကိုတော့ သူတို့တွေ ယူရို သန်း(၁၀၀) + အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်သာ လိုချင်နေကြောင်း ၊ ဒါကလည်း ဂဗာဒီယော်လ်ကို ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး နောက်ခံကစားသမားဆိုတဲ့ ဂုဏ်ပုဒ် ရရှိသွားစေမှာပါလို့ ပြောဆိုခဲ့သလို ဂဗာဒီယော်လ် နဲ့ သူ့အေးဂျင့်တို့က စီးတီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်းကိုပါ အတည်ပြုသွားခဲ့ပါသေးတယ်။

Exit mobile version