လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ တခုတည်းသော အားနည်းချက် ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်နိုင်ဖို့ အတွက် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာ လူအင်အား အတောင့်တင်းဆုံး အသင်းတသင်း ဖြစ်ပေမယ့် သူတို့အသင်းမှာ အထောင်တိုက်စစ်မှူး စစ်စစ် ရှိမနေတာကြောင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ စတာလင်းကို အထောင်တိုက်စစ်နေရာမှာ ထားကာ အသုံးပြုနေရပါတယ်။

Photo Credit: Metro

အထောင်တိုက်စစ်မှူး စစ်စစ် မရှိတာကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းဟာ တချို့ပွဲစဉ်တွေမှာ အနိုင်ရဖို့ ခက်ခဲခဲ့ပြီး ပီအက်စ်ဂျီအသင်း ၊ စပါးအသင်းတို့ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုရင် အခွင့်အရေးတွေ များစွာ ရခဲ့ပေမယ့် အဆုံးသတ်ပေးမယ့် တိုက်စစ်မှူး မရှိတာကြောင့် အရှုံးရလဒ်တွေနဲ့သာ အိမ်ပြန်ခဲ့ရတာပါ။

ဒါကြောင့်လည်း မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းထဲနဲ့ ခေါ်ယူနိုင်မယ့် ဟာလန်းကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Times သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: Metro

The Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဒေါ့မွန် ၊ ဟာလန်းနဲ့ မန်ချက်စတာ စီးတီးတို့ဟာ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ တလွှားမှာ ရှိတဲ့ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြပေမယ့် ဟာလန်းရဲ့ ဖခင်ဖြစ်သူဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးအသင်းက ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။