ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဘယ်နောက်ခံ နေရာအတွက် အန်ဒါလက်ချ်နဲ့အတူ တောက်ပနေတဲ့ လူငယ် ဘယ်နောက်ခံလူ ဂိုမက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း နာမည်ကြီး သတင်းထောက် အွန်စတိန်းက ဖော်ပြသွားပါတယ်။

မန်ချက်စတာ စီးတီးဟာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်သူ ဇင်ချန်ကိုကို ပြည်တွင်းပြိုင်ဘက် အာဆင်နယ်ဆီ ရောင်းထုတ်ခဲ့သလို နောက်ထပ် ဘယ်နောက်ခံလူ တဦး ဖြစ်သူ မန်ဒီကလည်း မုဒိမ်းမှုတွေ ကျူးလွန်မိခဲ့တာကြောင့် ယခုထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့် မန်ချက်စတာ စီးတီးက ယခု နွေဈေးကွက် အတွင်းမှာ ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေပြီး ကနဦးမှာ မန်ချက်စတာ စီးတီးက ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့် ကူကူရယ်လာ အတွက် ဘရိုက်တန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို မပေးချေချင်တာကြောင့် ကူကူရယ်လာကို ခေါ်ယူဖို့အား လက်လျှော့ကာ ပြောင်းရွှေ့ကြေး နည်းပါးမယ့် ဂိုမက်ဇ်ဘက်ကို မြှားဦးလှည့်လာခဲ့တာပါ။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်ဘယ်နောက်ခံလူ ဆာဂျီယို ဂိုမက်ဇ်က ဘယ်နောက်ခံလူ အဖြစ် ကစားနိုင်ရုံသာမက လိုအပ်ရင် ဘယ်တောင်ပံနဲ့ ဘယ်တောင်ပံတိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အန်ဒါလက်ချ်အတွက် ပြိုင်ပွဲစုံမှာ ၄၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ဆာဂျီယို ဂိုမက်ဇ်ကို ခေါ်ယူဖို့ အန်ဒါလက်ချ်နဲ့ရော ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ဂိုမက်ဇ်ကတော့ မန်ချက်စတာ စီးတီးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တာကြောင့် အန်ဒါလက်ချ်ရဲ့ လူစာရင်းကနေပါ နုတ်ထွက်ထားကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဆိုပါတယ်။

အန်ဒါလက်ချ်ကတော့ သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ဂိုမက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ယူရို ၂၀သန်းကြား လိုချင်နေပြီး မန်ချက်စတာ စီးတီးက အပိုဆုကြေးတွေ အပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင်သာ ပေးချေချင်နေကြောင်း နီးစပ်သူတွေက သတင်းဌာနတွေကို ပြောကြားထားကြပါတယ်။