ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ရဲ့ ဥက္ကဌဖြစ်သူ တိုနီ ဘလွန်းကတော့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ကူကူရယ်လာ အတွက် ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂီတာဖေး ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံရလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

စပိန်သား တဦး ဖြစ်တဲ့ ကူကူရယ်လာက ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ဘယ်နောက်ခံလူ ဖြစ်သလို သူ့ရဲ့ တိုက်စစ် လိုက်ပါမှုကလည်း အတော်လေး ကောင်းမွန်တာကြောင့် မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဘယ်နောက်ခံ နေရာအတွက် ကူကူရယ်လာကို ခေါ်ယူဖို့ မျက်စိကျနေပြီး မန်ချက်စတာ စီးတီးက မကြာခင်မှာပဲ ကူကူရယ်လာ အတွက် ဆွေးနွေးမှုတွေ လုပ်တော့မယ်လို့ သတင်းကြီးနေတာ ကြာပါပြီ။

ဒါပေမယ့် မန်ချက်စတာ စီးတီးက လက်ရှိအချိန် အထိ ကူကူရယ်လာ အတွက် တရားဝင် ဆွေးနွေးမှုတွေ မလုပ်ရသေးပဲ ဘရိုက်တန် ဥက္ကဌ တိုနီ ဘလွန်းကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ကူကူရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေပေမယ့် လက်ရှိအထိ ကူကူရယ်လာ အတွက် ကမ်းလှမ်းမှုတွေ မရသေးဘူးလို့ ဆိုပါတယ်။

Photo Credit: Team Talk

တိုနီ ဘလွန်းက – “ကူကူရယ်လာက ကစားသမား တယောက်အနေနဲ့ရော ၊ လူတယောက် အနေနဲ့ပါ အရမ်းကို အံ့ဩစရာ ကောင်းပါတယ်။ ပြီးတော့ သူက အသင်းရဲ့ အဝတ်လဲခန်းထဲမှာလည်း အရေးပါတဲ့ လူတဦးပါ။ ကစားသမားတွေကလည်း သူ့ကို ချစ်ကြတယ်။ ပေါ်တာရော ၊ နည်းပြတွေရော ၊ ကျွန်တော်ကပါ သူ့ကို ချစ်တယ်။ ပရိသတ်တွေကလည်း သူ့ကို တော်တော် ချစ်ကြပါတယ်။ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မယုံနိုင်လောက်အောင် ကောင်းခဲ့ပါတယ်။ ဒါက သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က သူ့ဆီကနေ ပိုကောင်းတဲ့ ခြေစွမ်းမျိုးတွေ မြင်ရဖို့ ထပ်မံ မျှော်လင့်ထားသလို သူ့အတွက်လည်း အခုချိန်အထိ ကမ်းလှမ်းမှုတွေ မရထားပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။