ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘာစီလိုနာအသင်းရဲ့ Legend ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီကို မန်စီးတီးအသင်းဘက်ကနေ (၅)နှစ်စာချုပ် လစာစုစုပေါင်း ပေါင်(၄၃၃)သန်းခန့်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် မန်စီးတီးအသင်းဘက်ကနေတော့ ဒီကောလဟာလသတင်းတွေကို ငြင်းဆန်ပယ်ချသွားခဲ့သလို ကစားသမားကိုလည်း သူတို့အသင်းဘက်ကနေ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဘာစီလိုနာဘက်ကနေသာ မက်ဆီကို သက်တမ်းမတိုးနိုင်ဘူးဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာပဲ သူတို့ရဲ့အဓိက ကစားသမားမက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပါတယ်။ လတ်တလောမှာလည်း မက်ဆီကို ခေါ်ယူဖို့အတွက် မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ဘက်ကနေ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြထားခဲ့သလို မန်စီးတီးအသင်းကလည်း မက်ဆီအတွက် မက်မောလောက်စရာ လစာပမာဏနဲ့ ကမ်းလှမ်းထားတယ်လို့ပါ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bleacher Report

မန်စီးတီးအသင်းရဲ့ နည်းပြပတ်ဂွာဒီယိုလာဟာ မက်ဆီရဲ့ ဆရာသမားဟောင်းတစ်ယောက်ဖြစ်တာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် ဂွာဒီယိုလာရှိနေတဲ့ မန်စီးတီးအသင်းဆီကို ရောက်ရှိလာနိုင်တယ်လို့ အများကနေ ယူဆထားကြတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူတို့အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးကို လက်လွတ်ရဖွယ် ရှိလို့နေပြီး သူရဲ့နေရာအတွက် တိုက်စစ်မှူးသစ်တစ်ယောက်ကို ပြန်လည်ဖြည့်တင်းသွားဖို့ လိုအပ်နေချိန် အာလင်းဟာလန်းနဲ့ လော်သာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားနေသလို မက်ဆီကိုလည်း စိတ်ဝင်စားနေပါတယ်။ သတင်းများစွာရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ မက်ဆီကို (၂)ရာသီလောက်သာ အသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့နှစ်တွေမှာတော့ သူတို့ရဲ့မိတ်ဖက်အသင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့အသင်းဘက်က မက်ဆီကို ဘာကမ်းလှမ်းမှုမှ မလုပ်ထားကြောင်း မန်စီးတီးဘက်ကနေ အတိအလင်းကို ငြင်းဆိုထားခဲ့ပြီး မက်ဆီရဲ့အနာဂတ်ဟာလည်း မတ်လ(၇)ရက်နေ့မှာ ပြုလုပ်သွားမယ့် ဘာစီလိုနာအသင်းဥက္ကဌ ရွေးကောက်ပွဲအပြီးမှသာ အတိအကျ သိရှိရဖွယ် ရှိနိုင်ပါတယ်။