မန်စီးတီးအသင်းဟာ မနေ့ညက စိန့်မေရီကွင်းအတွင်းမှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)အတွင်း အိမ်ရှင်ဆောက်သမ်တန်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်သွားခဲ့ရလို့ နည်းပြဂွာဒီယိုလာလက်အောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ အဝေးကွင်း(၃)ပွဲဆက်တိုက် ရှံးနိမ့်ခဲ့ရတာဖြစ်ပေမယ့်လည်း ဒီရှံးပွဲက အသင်းမှာ ကစားသမားသစ်တွေကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်တဲ့ အဓိပ္ပာယ်မျိုးတော့မဟုတ်ကြောင်း ဂွာဒီယိုလာက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : BBC

နည်းပြပတ်ဂွာဒီယိုလာက မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ချိန်ကတည်းကနေ အဝေးကွင်း(၃)ပွဲဆက်တိုက် တစ်ခါမှမရှံးဖူးသေးပေမယ့် မနေ့က ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့လိုက်ရတဲ့အတွက် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးတို့အပြီး ဆောက်သမ်တန်ကိုပါ ဆက်တိုက်ရှံးလိုက်ရကာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းနဲ့လည်း ရမှတ်က (၂၃)မှတ်အထိ ပြန်ကွာသွားခဲ့ရပါတယ်။ ဒါပေမယ့် အသင်းရဲ့ရှံးပွဲက ကစားသမားသစ်တွေကို လိုအပ်နေပြီဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူးလို့ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

Photo Credit : Trending Scroll

ဂွာဒီယိုလာက “မဟုတ်ဘူး။ ကျွန်တော်ကတော့ ကစားသမားသစ်တွေ လိုအပ်နေပြီလို့ မထင်မိပါဘူး။ အရိုးသားဆုံးပြောရရင် ဒီပွဲကို ကျွန်တော်တို့တွေ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်အထိကို အားစိုက်ထုတ်ပြီး ကစားခဲ့တာပါ။ နောက်ပြီး ကျွန်တော်တို့က ပင်နယ်တီဧရိယာထဲမှာ ကစားသမား(၁၀)ယောက်လောက် နေရာယူထားတဲ့ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တာတော့ သေချာတယ်။ အခွင့်အရေးတွေလည်း ရခဲ့တယ်။ ဒီထက်မကတော့ ကျွန်တော်တို့ ပိုလုပ်ဆောင်နိုင်သင့်ခဲ့တာတော့ အမှန်ပါ။ သူတို့ရဲ့ ခံစစ်ကစားပုံကြောင့် အခွင့်အရေးရအောင် ဖန်တီးဖို့က ခက်ခဲနေခဲ့ပေမယ့် အဲ့ဒီခက်ခဲတာကိုပဲ ကျွန်တော်တို့ရအောင် လုပ်နိုင်ခဲ့သေးတာပဲ။ ဒီလို ကစားနိုင်ခဲ့တာကို ကျွန်တော်ဂုဏ်ယူပါတယ်။ ကစားသမားတွေနဲ့ ပတ်သက်လို့တော့ ဘာကိုမှ စောဒကမတတ်လိုပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့တယ်။ ဒါပေမယ့် နိုင်ပွဲတစ်ပွဲရယူနိုင်ဖို့တော့ မလုံလောက်ခဲ့ဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာက ဆောက်သမ်တန်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ပတ်သက်ပြီး ဂိုးသမားအီဒါဆန်ကိုလည်း အပြစ်တင်စရာ မလိုအပ်ဘူးလို့လည်း ပြောဆိုလာခဲ့ပါတယ်။