ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ ဝါရင့် ကွင်းလယ်လူ ဂန်ဒိုဂန်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူရန် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက ကွင်းလယ်ပိုင်းမှာ ဒီဘရိုင်း ၊ ဘာနာဒို ဆေးလ်ဗား ၊ ဂန်ဒိုဂန် ၊ ကယ်ဗင် ဖီးလစ် ၊ ရိုဒရီ စတဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဂန်ဒိုဂန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ အနာဂတ်တွေက မရေရာတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကွင်းလယ်လူ ၁ဦး (သို့) ၂ဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းပါ။

Photo Credit: Goal

လက်ရှိမှာ မန်ချက်စတာ စီးတီးက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂန်ဒိုဂန်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဂန်ဒိုဂန်က အာဆင်နယ် ၊ ဘာစီလိုနာ စတဲ့ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားတာကြောင့် မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ရာခိုင်နှုန်း နည်းနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကွင်းလယ်လူ တဦး ဖြစ်သလို လုပ်အားနှုန်းရော ၊ နည်းစနစ်ပိုင်းပါ ကောင်းမွန်တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး ကိုဗာဆစ်ကလည်း ချယ်လ်ဆီးကို စွန့်ခွာကာ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာပဲ ကိုဗာဆစ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်ခဲ့သလို ချယ်လ်ဆီးကလည်း ကိုဗာဆစ်ကို ရောင်းထုတ်ချင်နေကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင် ဗဟိုကွင်းလယ်လူ ကိုဗာဆစ်က ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး ချယ်လ်ဆီးက ကိုဗာဆစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။