ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုကို ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လတ်တလောမှာ မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ချက်စတာ စီးတီးအသင်းဟာ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

Photo Credit: Bild

အသက် ၂၅နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်း ကနေ ဖရန့်ဖတ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃သန်းထဲနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၂၉ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်း အပါအဝင် ဥရောပ အသင်းကြီး တချို့က အန်ဒရီ ဆေးလ်ဗားကို ခေါ်ယူဖို့ စောင့်ကြည့်လာကြတာ ဖြစ်ပြီး ဖရန့်ဖတ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှသာ ရောင်းချဖွယ် ရှိပါတယ်။

Photo Credit: Bild

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Sport Bildရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ အန်ဒရီ ဆေးလ်ဗားကို ခေါ်ယူချင်နေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆေးလ်ဗားကို ခေါ်ယူဖို့ ဖရန့်ဖတ်အသင်းထံ ဆက်သွယ်ကာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဂျာမန်အခြေစိုက် သတင်းထောက်တွေ ကတော့ ဖရန့်ဖတ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းခန့် ရရှိမှသာ ရောင်းချဖွယ် ရှိကြောင်းနဲ့ အန်ဒရီ ဆေးလ်ဗားကလည်း မနချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ပြောကြားထားပါတယ်။ မန်ချက်စတာ စီးတီးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက ပစ်မှတ်ဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်နေဆဲ ဖြစ်ကာ ဟယ်ရီကိန်းကို မခေါ်နိုင်မှသာ ဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း သိရပါတယ်။