ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးကို မန်စီးတီးအသင်းဘက်ကနေ စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ဘူးဆိုရင် လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းအတွက် တိုက်စစ်မှူးသစ်တစ်ယောက်က မဖြစ်မနေကို ခေါ်ယူရတော့မှာဖြစ်သလို အဂွဲရိုးကို သက်တမ်းတိုးနိုင်မယ်ဆိုရင်တောင် အနာဂတ်စီမံကိန်းအတွက် တိုက်စစ်ကစားသမားသစ်က လိုကိုလိုအပ်နေမှာဖြစ်လို့ လာမယ့်နှစ် မန်စီးတီးရဲ့စျေးကွက်အတွင်း အဓိကပစ်မှတ်က တိုက်စစ်ပိုင်း ဖြစ်လာနိုင်ပါတယ်။

Photo Credit : Inter.it

မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူးတွေထဲမှာ အင်တာမီလန်က လော်တာရိုမာတီနက်ဇ် ဒေါ့မွန်က အာလင်းဟာလန်း စပါးက ဟယ်ရီကိန်းတို့ ပါဝင်လို့နေပြီး အခုရက်ပိုင်းမှာလည်း မာတီနက်ဇ်ရဲ့အသင်းဖော် လူကာကူပါ ပါဝင်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူကတော့ မန်ချက်စတာမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး မန်စီးတီးရဲ့ ဒါဘီပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းမှာ (၂)နှစ်နီးပါး ပါဝင်ကစားခဲ့ဖူးသလို ချယ်လ်ဆီး ဝက်စ်ဘရွန်း အဲဗာတန်အသင်းတွေနဲ့လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Photo Credit : Sempreinter

၂၀၁၁ခုနှစ်တုန်းကမှ ဘယ်ဂျီယံကနေ အင်္ဂလန်မြေဆီကို ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ ပရီးမီးယားလိဂ်မှာ (၈)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးသူဖြစ်သလို သွင်းဂိုးများစွာကိုလည်း သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးဘက်ကနေ မာတီနက်ဇ် ဟာလန်းတို့လို ပရီးမီးယားလိဂ်နဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ တိုက်စစ်မှူးတွေထက် လူကာကူကို ပိုမိုဦးစားပေးပြီး ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာက လူကာကူရဲ့ ဘယ်ဂျီယံအသင်းဖော်ဖြစ်တဲ့ ကွင်းလယ်လူ ဒီဘရိုင်းလည်း ရှိနေတာကြောင့် တစ်နိုင်ငံတည်းသားအချင်းချင်း တွဲဖက်မိမိနဲ့ ကစားနိုင်မှာဖြစ်ပြီး သွင်းဂိုးတွေကိုလည်း ပိုမိုမျှော်လင့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အင်တာဘက်က လူကာကူကို အသင်းကနေ လက်လွတ်သွားဖွယ် မရှိသလို တကယ်လို့ ရောင်းထုတ်မယ်ဆိုရင်တောင်မှ ပြောင်းရွှေ့ကြေးကို များစွာတောင်းဆိုလာနိုင်လို့ ဒါကတော့ မန်စီးတီးအတွက် အနည်းငယ် ခက်ခဲရဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်း ကွင်းလယ်ခံစစ်ပိုင်းနဲ့ ဘယ်နောက်ခံကစားသမားအပိုင်းတွေမှာ ကစားသမားအင်အားသစ် ဖြည့်တင်းဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ဝန်းကျင်လောက်ကို အသုံးပြုသွားဖွယ်ရှိနေပြီး ကစားသမားတချို့နဲ့လည်း လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။