မန်ချက်စတာစီးတီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူးလေး အာလင်းဟာလန်းကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ဟာလန်းကို ရီးယဲလ်မက်ဒရစ်အသင်းကလည်း မန်စီးတီးနဲ့အပြိုင် စိတ်ဝင်စားနေပေမယ့် မန်စီးတီးကတော့ ဟာလန်းကို ရီးယဲလ်ထက် အသာစီး ရယူကာ ခေါ်ယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ESPN သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Injuries and Raiola's demands push Haaland away from Real Madrid | Marca

Photo Credit : Marca

ဆာဂျီယိုအဂွဲရိုး ဖယ်ရန်တောရက်စ်တို့လို တိုက်စစ်ကစားသမားတွေနဲ့ လမ်းခွဲထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် တိုက်စစ်ကစားသမားသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး အသက်(၂၁)နှစ်အရွှယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဟာလန်းကို အဓိကပစ်မှတ် ထားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း(၈၀)အထိ ပါဝင်ကစားထားပြီး သွင်းဂိုးစုစုပေါင်း (၈၂)ဂိုးအထိပါ သွင်းယူထားနိုင်တဲ့ ဟာလန်းဟာ လာမယ့်နွေမှာပဲ သူရဲ့ ယူရို(၇၅)သန်း စာချုပ်လျော်ကြေးက စတင်သက်ရောက်တော့မှာဖြစ်လို့ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေကလည်း ဟာလန်းကို အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

Photo Credit : Eurosport

တကယ်တော့ ဟာလန်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းအနေနဲ့ ဟာလန်းရဲ့ စာချုပ်လျော်ကြေး ယူရို(၇၅)သန်း တစ်ခုတည်းကိုသာ ပေးချေရမှာ မဟုတ်ပဲ ကစားသမားအတွက် မြင့်မားလွန်းတဲ့ လုပ်ခလစာ အပါအဝင် ဟာလန်းရဲ့အေးဂျင့်နဲ့ ဟာလန်းဖခင်အတွက် ပေးချေရမယ့် ဆက်စပ်အခကြေးငွေများ အားလုံးစုစုပေါင်း ယူရိုသန်း(၃၀၀)လောက်အထိကို ပေးချေရနိုင်တာကြောင့် ဒီပမာဏက ကလပ်အသင်းတိုင်းအတွက် ခက်ခဲစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း အန်ဂျလီနို ဖယ်ရန်တောရက်စ်နဲ့ ဂျက်ဟာရီဆင်တို့လို ကစားသမားတွေကို ရောင်းထုတ်ထားလို့ ယူရို(၈၅)သန်းအထိ ရရှိလို့ထားတဲ့ မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေက အတောင့်တင်းဆုံး အနေအထားမှာ ရှိနေသလို အသင်းမှာကလည်း အခြားနေရာတွေက ထိပ်တန်းကစားသမား အများအပြား ရှိနေတာကြောင့် တိုက်စစ်ပိုင်းအတွက်ကိုသာ ဦးစားပေးပြီး ငွေကြေး အတော်လေး သုံးစွဲဖွယ် ရှိနိုင်ပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း လာမယ့်နွေမှာ အသင်းပြောင်းဖို့ စိတ်အားထက်သန်နေပြီး သူ့ဖခင်ရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးကို ပြောင်းရွှေ့ကာ ဖခင်ရဲ့ ခြေရာနင်းဖို့ အစီအစဉ် ရှိလို့နေပါတယ်။