ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို (၂)နှစ်အထိ ပိတ်ပင်ထားတဲ့ ဟန့်တားမှုကြီးကို CAS ဆီ အယူခံဝင်ရင်း ကျော်လွှားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ ဥရောပပြိုင်ပွဲတွေကို ပြန်လည်ကစားခွင့် ရရှိတော့မှာဖြစ်တာကြောင့် အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ဆက်လက်ထိန်းသိမ်ထားနိုင်တော့မှာဖြစ်သလို အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားသစ်တွေကိုလည်း ခေါ်ယူသွားဖို့ ပိုမိုပြီး အဆင်ပြေလာနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : Sports

မန်စီးတီးအသင်းဟာ ဒီရာသီမှာ သူတို့အသင်းရဲ့ အားအနည်းဆုံးအပိုင်းဖြစ်တဲ့ ခံစစ်ပိုင်းကို ပြုပြင်သွားဖို့အတွက် ကစားသမားသစ်တွေကို ပစ်မှတ်ထားနေပေမယ့်လည်း လတ်တလောမှာတော့ သူတို့အသင်းနဲ့ သတင်းထွက်လာခဲ့သူကတော့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ လော်သာရိုမာတီနက်ဇ်ပဲဖြစ်ပါတယ်။ Sky Sports ရုပ်သံရဲ့ ဖော်ပြချက်တွေအရ ဒီအင်တာမီိလန်တိုက်စစ်မှူးဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာ အလိုရှိနေတဲ့ ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၂)နှစ်အရွှယ်သာရှိသေးတဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဘာစီလိုနာအသင်းကနေ ကာလရှည်ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ရည်ရွှယ်ထားတာဖြစ်သလို ကစားသမားနဲ့လည်း သဘောတူညီမှု ရယူထားနိုင်ပြီလို့ မကြာခဏ သတင်းထွက်လျက်ရှိနေပါတယ်။ ဒါပေမယ့် အင်တာဘက်ကနေ သူတို့ ကစားသမားအတွက် သတ်မှတ်လာမယ့် ပြောင်းရွှေ့ကြေးကြောင့်ရော လက်ရှိမှာ ဘာစီလိုနာနဲ့အပြိဲုင် မာတီနက်ဇ်ကို မန်စီးတီးကပါ ပစ်မှတ်ထားလာတာကြောင့်ပါ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့က ထင်ထားတာထက်ကို ပိုမိုခက်ခဲသွားနိုင်ပါတယ်။ မန်စီးတီးကလည်း မာတီနက်ဇ်ကို အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဆာဂျီယိုအဂူရိုရဲ့နေရာမှာ ရေရှည်အစားထိုးချင်နေတာဖြစ်ပြီး အဂူရိုလို နောက်ထပ်အာဂျင်တီးနား တိုက်စစ်မှူးတစ်ယောက်က အသင်းအတွက် အောင်မြင်မှုတွေကို ယူဆောင်လာနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာက နောက်ခံလူဖယ်လ်ပိုကို အလိုက်ပေးပြီး မာတီနက်ဇ်ကို ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်နေပေမယ့်လည်း မန်စီးတီးရဲ့ကြားဖြတ်ကမ်းလှမ်းမှုတွေကလည်း ဘယ်အတိုင်းအတာထိ ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။