ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေရာသီ ပစ်မှတ် ကစားသမား ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကြယ်ပွင့် အိုလစ်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးတီးဟာ အိုလစ်ဆီကို ယူနိုက်တက်နဲ့အပြိုင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက ၂၀၂၁ခုနှစ်မှာ ရီးဒင်း ကနေ ခရစ္စတယ် ပဲလေ့စ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၉.၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ခရစ္စတယ် ပဲလေ့စ် အတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

 Photo Credit: Sky Sports

ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိပြီး သူက လျင်မြန်သလို ပြိုင်ဘက်ကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားကာ တည်ကန်ဘောတွေ ကန်သွင်းရာမှာလည်း ထူးချွန်တာကြောင့် မန်ချက်စတာ စီးတီး တောင်ပံတိုက်စစ် ကစားသမားဟောင်း မာရက်ဇ်နဲ့ နှိုင်းယှဉ်ကာ ချီးကျူးခံနေရသူပါ။

အိုလစ်ဆီက ဒီရာသီမှာ ခရစ္စတယ် ပဲလေ့စ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူနဲ့ ပဲလေ့စ်ရဲ့ စာချုပ်ကတော့ ၂၀၂၇ခုနှစ် ရောက်မှ သက်တမ်း ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ညာတောင်ပံမှာ အားနည်းချက်တွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က အိုလစ်ဆီကို ခေါ်ယူချင်နေပြီး ယခုချိန်မှာတော့ မန်ချက်စတာ စီးတီးကပါ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အိုလစ်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

Photo Credit: MEN

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အလန် နီရွန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်နဲ့ အပြိုင် အိုလစ်ဆီကို ကမ်းလှမ်းဖို့ ပြင်ဆင်မှုတွေ လုပ်နေပြီး ဂွာဒီယိုလာ ရှိနေမှုနဲ့ ဆုဖလား အောင်မြင်မှုတွေကို အလွယ်တကူ ရယူနိုင်မှု စတဲ့ အချက်တွေကြောင့် အိုလစ်ဆီဟာ မန်ချက်စတာ ယူနိုက်တက်ကို ငြင်းဆန်ကာ သူတို့အသင်းဆီ ပြောင်းလာမယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

ခရစ္စတယ် ပဲလေ့စ်ကတော့ သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အိုလစ်ဆီကို ပေါင် ၅၀သန်းကျော် ရမှသာ ရောင်းချဖို့ စဉ်းစားသွားမှာ ဖြစ်ပြီး အိုလစ်ဆီက မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးဟာ အိုလစ်ဆီကို ခေါ်ယူနိုင်ဖို့ စည်းရုံးမှုများစွာ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။