အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ သူတို့အသင်းနဲ့ ကာလရှည် သတင်းထွက်ပေါ် နေခဲ့တဲ့ ဗလင်စီယာအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေပြီ လို့ သိရှိရပါတယ်။ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ တောရက်စ် ဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်ခုစလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး အနာဂတ်မှာ စပိန်အသင်း အတွက် အားထားရမယ့် ကစားသမား ဖြစ်လာနိုင်သူ လို့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ရှုမြင်မှု ကို ခံထားရတဲ့ လူငယ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဖာရန်တောရက်စ်ဟာ ဗလင်စီယာအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ဗလင်စီယာအသင်း အတွက် ပထမဦးဆုံး ကစားခွင့်ကို ၂၀၁၇- ၂၀၁၈ ဘောလုံးရာသီမှာ ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ဘောလုံးရာသီမှာ တောရက်စ်ဟာ ၁၃ပွဲအထိ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ လက်ရှိ ဘောလုံး ရာသီမှာတော့ တောရက်စ်ဟာ ဗလင်စီယာ အသင်းအတွက် လာလီဂါပွဲစဉ် ၃၄ပွဲ ပါဝင် ကစားပေးထားရာမှာ ၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ၅ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ဗလင်စီယာအသင်းကို အဆင့်၉နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေး နိုင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports ရဲ့ အဆိုအရ မန်စီးတီးအသင်းဟာ ယခု တစ်ပတ်အတွင်းမှာပဲ ဖာရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Daily Mail

Sky Sports သတင်းဌာနဟာ မန်စီးတီး အသင်းအနေနဲ့ တောရက်စ်ကို ခေါ်ယူဖို့ ဗလင်စီယာအသင်းနဲ့ ဆွေးနွေးမှုတွေဟာ အောင်မြင်ခဲ့ကြောင်းနဲ့ တောရက်စ်အတွက် မန်စီးတီး အသင်းဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၀.၉သန်းနဲ့အတူ အပိုဆုကြေးတွေကို ပေးချေ ရလိမ့်မယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ Sky Sports သတင်းထောက်တွေရဲ့ ဖော်ပြမှုအရ မန်စီးတီးအသင်းဟာ ဖာရန် တောရက်စ်ကို ခေါ်ယူမှု ပြီးစီးပါက ပရီးမီးယားလိဂ် ကနေ တန်းဆန်းသွားခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့ အဓိက နောက်ခံလူ နသန်အကီကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ အကီကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း မန်စီးတီးအသင်းနဲ့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။