ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ တစ်ချိန်က မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ ပါတီဇန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား စတီဗာနိုဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လူငယ် တောင်ပံ ကစားသမား စတီဗာနိုဗစ်ဟာ အသက် ၁၆နှစ် အရွယ်မှ စပြီး ပါတီဇန်အသင်းမှာ ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ မန်ယူအသင်း အပါအဝင် ထိပ်သီး ဥရောပ ကလပ်တွေနဲ့ အဆက်အသွယ် ရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

စတီဗာနိုဗစ်ဟာ ပါတီဇန်အသင်းမှာ ၂နှစ် အတွင်း ၅၃ပွဲ ပါဝင် ကစားခဲ့ပေးထားပြီး သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူပါ။ ကနဦးမှာ စတီဗာနိုဗစ်ဟာ မန်ယူအသင်းထံ ရောက်ရှိဖို့ အရမ်းကို နီးစပ်တဲ့ အခြေအနေ တစ်ခုမှာ ရှိနေပေမယ့် မန်ယူအသင်းဟာ ဥရုဂွေး လူငယ် ကစားသမား ပယ်လီစ္စထရီနဲ့ အတ္တလန်တာ အသင်းရဲ့ လူငယ် ကြယ်ပွင့် ထရာအိုရေးတို့ကို ခေါ်ယူခဲ့တာကြောင့် စတီဗာနိုဗစ်ကို ခေါ်ယူမယ့် အစီအစဉ်ကို ပြန်လည် ရုတ်သိမ်း သွားခဲ့တာပါ။ လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ စတီဗာနိုဗစ် အတွက် ပါတီဇန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပြီး တချို့သတင်းဌာနတွေ မှာတော့ မန်စီးတီးအသင်းဟာ စတီဗာနိုဗစ် ကို ဆေးစစ်မှုတွေတောင် ပြုလုပ်နေပြီ လို့ ဖော်ပြ ထားကြပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်စီးတီးအသင်းဟာ စတီဗာနိုဗစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ မန်စီးတီးအသင်းရဲ့ ကင်းထောက်တွေဟာ စတီဗာနိုဗစ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး အသင်းအတွက် အနာဂတ်မှာ အားထားရမယ့် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြ ထားကြပါတယ်။ မန်စီးတီးအသင်းဟာ စတီဗာနိုဗစ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာ ဖြစ်ပေမယ့် စတီဗာနိုဗစ်ဟာ မန်စီးတီးအသင်းထံ လက်ရှိအချိန်မှာ ရောက်လာဦးမှာ မဟုတ်ပဲ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ သို့မဟုတ် ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ ရောက်လာမှာ ဖြစ်ကြောင်း သိထားရပါတယ်။