ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဒါရီယို အေရီရယ် ဆာမီယန်တိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဆာမီယန်တိုဟာ အာဂျင်တီးနားကလပ် အီစတူဒီယန်းတက်စ် အသင်းမှာ ကစားနေသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ၄ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး တစ်ဂိုးမှ သွင်းယူပေးထားနိုင်ခြင်း မရှိပေမယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် အနာဂတ်မှာ အားထားရမယ့် ကစားသမား ဖြစ်လာလိမ့်မယ် လို့ ကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Goal

ဆာမီယန်တိုဟာ ပြီးခဲ့တဲ့ အာဂျင်တီးနား ဘောလုံးရာသီမှ စတင်ပြီး အီစတူဒီယန်းတက်စ် အသင်း အတွက် ပါဝင် ကစားပေးခဲ့ကာ အသင်းအတွက် စုစုပေါင်း ၁၁ပွဲအထိ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်ပါတယ်။ ဆာမီယန်တိုဟာ ဘယ်ခြေအားသန် ကစားသမား တစ်ဦးဖြစ်ပြီး ညာတောင်ပံမှာ အဓိက ကစားလေ့ရှိကာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွာဒီယိုလာဟာ သူ့ကို အတော်လေး သဘောကျနေကြောင်း သိရှိ ရပါတယ်။ လက်ရှိမှာ ဆာမီယန်တိုရဲ့ ကာလတန်ကြေးဟာ ပေါင် ၁သိန်းနီးပါးသာ ရှိပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ စီးတီးအသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၁၉သန်းနီးပါး ပေးချေကာ ခေါ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ စီးတီးအသင်း ဟာ ဆာမီယန်တိုကို ခေါ်ယူဖို့ အတွက် အီစတူဒီယန်းတက်စ် အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးမှုတွေ အရ မန်ချက်စတာ စီးတီးအသင်းဟာ ဆာမီယန်တို အတွက် အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ယူရို ၁၉သန်း အထိ ပေးချေမှာ ဖြစ်ကြောင်းလည်း သိရှိ ထားရပါတယ်။ ဒါပေမယ့် ဆာမီယန်တိုဟာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ခွင့်ရပါက အသင်းထံ တိုက်ရိုက် ပြောင်းရွှေ့ နိုင်ဦးမှာ မဟုတ်ပဲ မန်ချက်စတာ စီးတီးအသင်းရဲ့ အသင်းပိုင်ရှင်တွေ ပိုင်ဆိုင်တဲ့ အခြားသော အသင်းတွေမှာ ဦးစွာ ကစားရမှာ ဖြစ်ကာ အသက် ၁၈နှစ် ပြည့်ချိန်မှ မန်ချက်စတာ စီးတီးအသင်းထံ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။