ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ကစားသမား အင်အားကို ဖြည့်တင်းမှု တရပ်အနေနဲ့ အာဂျင်တီးနားကလပ် ဗီလက် ဆာလ်ဖီးနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ပါရိုနီကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပါရိုနီက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက လိုအပ်ရင် လိုအပ်သလို ဗဟိုကွင်းလယ်လူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိကာ သူ့ရဲ့ ဘောလုံးပေးပို့ရာမှာ တိကျမှု ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို လျင်မြန်စွာ ဖြတ်တောက်နိုင်မှုတို့ကြောင့် မာရှေယာနို လက်သစ် အဖြစ် တင်စားခံနေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ပါရိုနီက ယခုနှစ် ဘောလုံးရာသီမှာ ဆာလ်ဖီးအတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ကွင်းလယ်ခံစစ် ကစားသမား တဦး အတွက် အတော်လေးကို ကျေနပ်စရာ ကောင်းပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ စီးတီးက အခြား ဥရောပ နာမည်ကြီးကလပ်တွေထက် လက်ဦးမှု ရယူကာ ပါရိုနီကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ပါရိုနီရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၈သန်းကို ပေးချေဖို့ အသင့် ပြင်ထားကြောင်း ရိုမာနိုက ဆိုပါတယ်။

Photo Credit: Team Talk

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ပါရိုနီရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၈သန်း ဝန်းကျင်ကို ပေးချေကာ ပါရိုနီကို ခေါ်ယူဖို့ အသင့် ပြင်ထားပြီး ပါရိုနီကလည်း မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် မကြာခင်မှာပဲ ပါရိုနီရဲ့ အပြောင်းအရွှေ့ဟာ ပြီးပြတ်တော့မယ်လို့ သိရပါတယ်။