ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးဟာ သူတို့အသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ကာလရှည် ထွက်ပေါ်ခဲ့တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အယ်ဗာရက်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထား တခုကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အသက် ၂၁နှစ် အရွယ် တက်သစ်စ အာဂျင်တီးနား ကြယ်ပွင့်တိုက်စစ်မှူး အယ်ဗာရက်ဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး အထောင်တိုက်စစ် ၊ တောင်ပံတိုက်စစ်နဲ့ နံပါတ်၁၀နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Express

အယ်ဗာရက်ဟာ ပြီးခဲ့တဲ့ အာဂျင်တီးနား ဘောလုံးရာသီမှာ ရေးဗားပလိတ် အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အယ်ဗာရက်ကို ခေါ်ယူဖို့ စောလျင်စွာ လှုပ်ရှားခဲ့ပေမယ့် အယ်ဗာရက်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း မရှိသလို ရေးဗားပလိတ်က အယ်ဗာရက် အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေးချေလိုခြင်း မရှိတာကြောင့် ယခုလိုမျိုး မန်ချက်စတာ စီးတီးက အယ်ဗာရက်ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့တာပါ။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးဟာ အယ်ဗာရက်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သလို အယ်ဗာရက်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ရေးဗားပလိတ်နဲ့ ဆွေးနွေးရာမှာလည်း အဆင်ပြေကြောင်းနဲ့ မန်ချက်စတာ စီးတီးဟာ အယ်ဗာရက် အတွက် ရေးဗားပလိတ်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၆သန်း + အပိုဆုကြေးတွေ ပေးချေရမယ်လို့ သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးဟာ အယ်ဗာရက်ကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းနဲ့ လာရောက် ပူးပေါင်းခိုင်းဖို့ အစီအစဉ် မရှိပဲ ရေးဗားပလိတ်ထံ ရာသီဝက် အငှား ပြန်ချမယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။