ပရီးမီးယားလိဂ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ဒုတိယ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဒီဘရိုင်းကို ကာလရှည်စာချုပ် ချုပ်ဆိုကာ အသင်းမှာ ဆက်ရှိနေအောင် ကြိုးစားနေကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ကစားသမား ဒီဘရိုင်းဟာ မန်စီးတီးအသင်းထံ ၂၀၁၅ ခုနှစ် ကတည်းက ရောက်ရှိခဲ့တဲ့ ကစားသမား ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူတစ်ဦးပါ။

Photo Credit: Bein Sport

ဒီဘရိုင်းဟာ မန်စီးတီးအသင်းထံ ရောက်ရှိလာပြီး ကတည်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားဆု ကို မကြာသေးမီကမှ ရရှိထားပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိအချိန်မှာ ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စား နေတဲ့ အသင်းများစွာ ရှိပြီး အဆိုပါ အသင်းတွေထဲမှာ ပီအက်စ်ဂျီအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း စတဲ့ အင်အားကြီး အသင်းတွေ ပါဝင်နေပါတယ်။ မန်စီးတီးအသင်း ကတော့ ဒီဘရိုင်းကို လက်မလွှတ် ရစေရန်အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင် ကတည်းက ဒီဘရိုင်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

Photo Credit: Bein Sport

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Times သတင်းဌာနရဲ့ အဆိုအရ မန်စီးတီးအသင်းဟာ ဒီဘရိုင်းကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပြီး ဒီဘရိုင်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ စာချုပ်သစ်မှာတော့ ဒီဘရိုင်းရဲ့ တစ်ပတ် လုပ်ခလစာဟာ ပေါင် ၄သိန်းနီးပါး အထိ ရှိနိုင်ပြီး ဒီဘရိုင်းဟာ အပိုဆုကြေးများစွာကိုလည်း ရရှိဦးမှာ ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ ဒီဘရိုင်းဟာ လက်ရှိအချိန်မှာ အသက် ၂၉နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် စာချုပ်သစ် ကုန်ဆုံးသည်အထိ မန်စီးတီးအသင်းမှာ ဆက်ရှိနေပါက စာချုပ် ကုန်ဆုံးချိန်မှာ အသက် ၃၄နှစ် အရွယ် ရှိနေမည်ဖြစ်ကာ ဆေးလ်ဗား ၊ ကွန်ပနီတို့ကဲ့သို့ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးအဖြစ် အသင်းကနေ ထွက်ခွာနိုင်မှာလည်း ဖြစ်ပါတယ်။