ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၄၉နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လူမျိုး နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်ထဲက စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်မှာ ဆိုရင် အသင်းကို ရောက်ရှိနေတာဟာ ၅နှစ်တာ ရှိသွားပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး မန်စီးတီးအသင်း ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ဂွာဒီယိုလာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေး နေပါတယ်။

Photo Credit: Metro

ဂွာဒီယိုလာ ကတော့ မန်စီးတီးအသင်းမှာ ဆက်လက် ရှိချင်ကြောင်း မကြာသေးမီက ဖွင့်ထားခဲ့ပြီး လက်ရှိမှာတော့ မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေဟာ အလုံးစုံ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ တယ်လီဂရပ် သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှာ ရှိနေခဲ့တဲ့ ၅နှစ်တာ ကာလအတွင်း ဆုဖလား ၈လုံးအထိ ရယူသိမ်းပိုက် နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ကြိမ် ၊ အက်ဖ်အေ ဖလား ၁ကြိမ်နဲ့ ကာရာဘောင်းဖလား ၃ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ် တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ အနေနဲ့ မန်စီးတီးအသင်း လိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလားကို လက်ရှိအချိန် အထိ ရယူ ပေးနိုင်ခြင်း မရှိသေးပါဘူး။

 

Photo Credit: Metro

ကနဦးမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆုံးဖြတ် ထားပေမယ့် မန်စီးတီးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ဘယ်လောက်အထိ ခရီးပေါက်မလဲ ဆိုတာ စောင့်ကြည့်ပြီးမှ ဂွာဒီယိုလာကို စာချုပ်သက်တမ်း တိုးဖွယ်ရှိကြောင်း သိရှိခဲ့ရပါတယ်။ ဒါပေမယ့် ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီး အသင်းဟာ ဂွာဒီယိုလာအား စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်တာကြောင့် စာချုပ်ကိစ္စ အသေးစိတ် အချက်အလက်တွေကို ညှိနှိုင်းမှု ပြီးစီးပါက ဂွာဒီယိုလာနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုမှုဟာ ယခုနှစ် ဘောလုံးရာသီ မကုန်မီမှာ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိရပါတယ်။