ဘောလုံးကစားသမားတစ်ယောက်က အသင်းပြောင်းရတော့မယ့် အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပြီဆိုရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစွာထဲကမှ သမိုင်းအစဉ်အလာကောင်းခဲ့တဲ့အသင်း လက်ရှိမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ တာဆူနေတဲ့အသင်းနဲ့ နည်းပြကောင်းတစ်ယောက်ရဲ့ ပဲ့ကိုင်မှုအောက်မှာ တည်ရှိနေတဲ့အသင်းတွေကို ဦးစားပေးရွေးချယ်တတ်လေ့ရှိပါတယ်။ အခုခေတ်မှာလည်း ဘောလုံးသမားတိုင်းလိုလိုက နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ ပတ်ဂွာဒီယိုလာရဲ့လက်အောက်မှာ ပါဝင်ကစားချင်နေသူ များစွာရှိလို့နေပါတယ်။

Photo Credit : Goal

အခုလည်း ဗလန်စီယာအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဖာရန်တောရက်စ်ဟာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာဖို့ အလွန်နီးစပ်လျက်ရှိနေပြီး ဂွာဒီယိုလာနဲ့ လက်တွဲသွားရတော့မှာဖြစ်ပါတယ်။ အသက်(၂၀)အရွှယ်သာရှိသေးတဲ့ စပိန်လူငယ်ကစားသမားလေးဟာ ဒီရာသီ ဗလန်စီယာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားလို့ထားတာကြောင့် သူ့ကို ကလပ်အသင်းပေါင်းစုံကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကလည်း ဘိုင်ယန်အသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ လီရွိုင်းဆာနေးရဲ့နေရာမှာ အစားထိုးဖို့အတွက် ဖာရန်တောရက်စ်ကို အရခေါ်ယူချင်နေပါတယ်။

 Photo Credit : World Today News

မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမားရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဗလန်စီယာအသင်းနဲ့ ညှိနှိုင်းနေဆဲသာဖြစ်ပြီး ပေါင်(၂၇)သန်းလောက်ကနေ ပေါင်(၃၆)သန်းလောက်အထိ အလိုရှိနေပါတယ်။ ဖာရန်တောရက်စ်က ဗလန်စီယာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးရဖွယ်ရှိနေပြီး ဒီရာသီမှာလည်း ဗလန်စီယာအသင်းက ဥရောပဝင်ခွင့်ကို မရယူထားနိုင်တဲ့အတွက် သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို မြင့်မားစွာ တောင်းဆိုရဖို့ အဆင်မပြေနိုင်တာဖြစ်ပါတယ်။ ဖာရန်တောရက်စ်ကို လာလီဂါထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကနေလည်း ခေါ်ယူချင်နေပြီး မန်စီးတီးနဲ့အပြိုင် မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရတော့ ဖာရန်တောရက်စ်ဟာ ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်လျက်ရှိနေပါတယ်။