ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာအသင်းကို အိမ်ကွင်း အီတီဟတ်မှာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ အပြီးမှာတော့ အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်ဖို့ ကြိုးစား နေပါတယ်။ ကနဦးမှာ မန်စီးတီး အသင်းဟာ ဗဟို ခံစစ် အတွက် ပေါ်တူဂီ နာမည်ကြီး အသင်း ဖြစ်တဲ့ ဘင်ဖီကာ အသင်းရဲ့ ခံစစ်မှူး ရူဘင် ဒိုင်ယက် ကို ခေါ်ယူပြီး အသင်းရဲ့ နွေစျေးကွက်ကို ပိတ်သိမ်းဖို့ စဉ်းစားခဲ့ပေမယ့် လက်စတာ အသင်းနဲ့ ပွဲစဉ်မှာ အမှားအယွင်း အတော်လေးကို များပြားခဲ့တဲ့ ဘယ်နောက်ခံလူ မန်ဒီရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် ခံစစ်မှူး တစ်ဦးကို ခေါ်ယူဖို့ စီစဉ်လာကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Tele Foot

လက်ရှိ မန်စီးတီး အသင်းရဲ့ ခံစစ်ကြောင်းမှာ ဘယ်နောက်ခံလူ နှစ်ဦး ရှိနေပေမယ့် ပထမ ဦးစားပေး ကစားသမား ဖြစ်တဲ့ မန်ဒီဟာ ခြေစွမ်းပိုင်း ဆိုးရွားနေသလို ဇင်ချန်ကိုဟာလည်း ဂွာဒီယိုလာနဲ့ အနည်းငယ် အဆင်မပြေသလို ဖြစ်နေတာကြောင့် မန်စီးတီး အသင်းအနေနဲ့ နယ်သာလန် ကလပ် အေဂျက်အသင်းရဲ့ ဘယ်နောက်ခံလူ တက်လီယာဖီကို ကို ခေါ်ယူဖို့ စိတ်ဝင်စား လာတယ် လို့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ Tele Foot သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်စီးတီး အသင်းဟာ အေဂျက် အသင်းရဲ့ နောက်ခံလူ တက်လီယာဖီကို ကို ခေါ်ယူဖို့ စိတ်ဝင်စား နေသလို တစ်ဖက်မှာလည်း အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အသင်းကနေ ရှင်းထုတ်ချင် နေကြောင်း သိရပါတယ်။

Photo Credit: Tele Foot

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဇင်ချန်ကို ကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းက မျက်စိ ကျနေပေမယ့် ဘာစီလိုနာ အသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဇင်ချန်ကို ကို ခေါ်ယူဖို့ ငွေကြေး မရှိတာကြောင့် တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့သာ ကမ်းလှမ်းဖွယ် ရှိကြောင်း ဘာစီလိုနာ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ အေဂျက်အသင်း ကတော့ သူတို့အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် ဘယ် နောက်ခံလူ တက်လီယာဖီကို အတွက် ယူရို ၄၀ သန်း ဝန်းကျင် အလိုရှိနေကြောင်း နယ်သာလန် သတင်းဌာနတွေက ဖော်ပြ ထားကြပြီး မန်စီးတီး အသင်းဟာ တက်လီယာဖီကို အတွက် အေဂျက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှာ ဖြစ်တာကြောင့် မကြာမီမှာပဲ မန်စီးတီး အသင်းနဲ့ တက်လီယာဖီကို တို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။