MySport Myanmar

မန်စီးတီးနဲ့ မပူးပေါင်းခင် ဂျီရိုနာအသင်းဆီ အငှားနဲ့ သွားရောက်မယ့် အယ်ချီဗယ်ရီ

တောင်အမေရိက ကစားသမားကောင်းတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ အာဂျင်တီးနား ထိပ်တန်းကလပ် ရေးဗားပလိတ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ကလော်ဒီယို အယ်ချီဗယ်ရီဟာ မန်စီးတီးအသင်းနဲ့ မပူးပေါင်းခင် လာလီဂါကလပ် ဂျီရိုနာအသင်းနဲ့ စတင် ပူးပေါင်းဖွယ် ရှိနေပါတယ်။

အသက် (၁၈)နှစ်အရွယ်ရှိ အာဂျင်တီးနား ယူ-၁၇ ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ အယ်ချီဗယ်ရီဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြ်ိုင်ပွဲထဲ အတော်လေး ခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် မက်ဆီလက်သစ် ကစားသမားလေးလို့ပါ တင်စားခံရတဲ့အထိ တောက်ပနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒါကြောင့်ပဲ ဒီကစားသမားလေးကို မန်စီးတီးအသင်းက (၄)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး သူရဲ့ လက်ရှိကလပ် ရေးဗားပလိတ်အသင်းဆီ ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ အငှားပြန်ချပေးခဲ့ပါတယ်။ မန်စီးတီးက အယ်ချီဗယ်ရီ မတိုင်ခင်ကလည်း အာဂျင်တီးနား ကြယ်ပွင့် ကစားသမားဖြစ်သူ အယ်လ်ဗာရက်ဇ်ကိုပါ ရေးဗားပလိတ်ကနေ ခေါ်ယူနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် မန်စီးတီးလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းမှာ ထိပ်တန်း ကစားသမားကောင်းတွေ အသင်းနှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့အတွက် အယ်ချီဗယ်ရီရဲ့ ပွဲကစားခွင့်က အာမခံချက် သိပ်ပေးနိုင်ဦးမှာ မဟုတ်လို့ City Football Club ကလပ်အသင်းဖြစ်တဲ့ ဂျီရိုနာအသင်းဆီ ထပ်မံ အငှားချဖို့ ရှိနိုင်ပါတယ်။

Photo Credit : Instagram

City Football Group လက်အောက်မှာ ရှိနေတဲ့ ကလပ်အသင်းတွေက ဥရောပမှာသာမကပဲ ကမ္ဘာ့နေရာ အနှံ့အပြားမှာတင် အများအပြား ရှိလို့နေပြီး ဒီအသင်းတွေကနေ ကစားသမား ခေါ်ယူမှုတွေလည်း အမြဲမပြတ် လုပ်ဆောင်လျက် ရှိနေပါတယ်။

ဒါကြောင့် မန်စီးတီးက သူတို့ ကစားသမားလေး အယ်ချီဗယ်ရီကို City Football Group ပိုင် စပိန်ကလပ် ဂျီရိုနာအသင်းဆီ အငှားချပြီး ဂျီရိုနာရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဆယ်ဗီယိုကိုတော့ လာမယ့်ရာသီမှာ အပြီးသတ် ခေါ်ဆောင်သွားတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version