MySport Myanmar

ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ တစ်နှစ်လုပ်ခ ယူရို(၂၄)သန်း အလိုရှိခဲ့တဲ့ ဂွာဒီယိုလာ

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ထောက်ဥက္ကဌဖြစ်သူ ဖရန်ဆစ်စကိုနိုဗယ်လီတိုက သူတို့အနေနဲ့ ဘရာဇီးလ်လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် တာဝန်ပေးဖို့အတွက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ ဆွေးနွေးမှုတွေပါ ပြုလုပ်ဖြစ်ခဲ့တယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းဘောလုံးအသင်းကြီးတွေ ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိမှာလည်း မန်စီးတီးအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ စပိန်လူမျိုး နာမည်ကျော် နည်းပြ ဂွာဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ကို စီးတီးဘက်က စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့ ကြိုးပမ်းနေသလို ဂွာဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတဲ့ အသင်းတွေကလည်း လက်ရှိ စာချုပ်အခြေအနေကို စောင့်ကြည့်လို့နေပါတယ်။ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဘက်က ဂွာဒီယိုလာကို လက်ရှိ ဘရာဇီးလ်နည်းပြ ထီတီရဲ့နေရာမှာ အစားထိုးသွားဖို့ ချိတ်ဆက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit : Daily Mail

နိုဗယ်တီနိုရဲ့ ပြောဆိုချက်မှာတော့ လွန်ခဲ့တဲ့ (၃)နှစ်က ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ထောက်ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူပေးဖို့ ဂွာဒီယိုလာကို ဆက်သွယ်ခဲ့ကြောင်း ဒီလို ဆက်သွယ်လာတဲ့အချိန်မှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့အနေနဲ့ ဘရာဇီးလ်နည်းပြအဖြစ် ဆောင်ရွက်ဖို့အတွက် တစ်နှစ်ကို ယူရို(၂၄)သန်းအထိ အလိုရှိကြောင်း ပြောဆိုလာခဲ့ရာ ဒီပမာဏက လက်ရှိနည်းပြထီတီနေရာမှာ ဂွာဒီယိုလာနဲ့ အစားထိုးချင်နေတဲ့သူအတွက် နှလုံးရောဂါ ဖြစ်သွားစေနိုင်မယ့် ပမာဏမျိုး ဖြစ်နေခဲ့ရတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး လက်ရှိ ဘရာဇီးလ်နည်းပြ ထီတီက ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ပြီးတာနဲ့ ရာထူးကနေ ထွက်ခွာတော့မယ်လို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဆီ ပြောကြားထားခဲ့ပေမယ့်လည်း လက်ရှိ အခြေအနေအရတော့ ကမ္ဘာ့ဖလား ပြီးဆုံးသွားချိန်ထိ ထီတီကိုပဲ ဆက်လက် တာဝန်ပေးသွားရဖွယ် ရှိနေတယ်လို့ နိုဗယ်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version